ရေနံချောင်း  ၂၇  နိုဝင်ဘာ

အခြေခံခြေနင်းစက်နှင့် မော်တာအပ်ချုပ်စက် သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ရေနံချောင်းမြို့နယ် ပင်းဝကျေးရွာ၌ ဖွင့်လှစ်ခဲ့​သည်။

သင်တန်းတွင် သင်တန်းဆရာမ ဒေါ်သန္တာလွင်က အမျိုးသားဝတ် ရှပ်အင်္ကျီ၊ အမျိုးသမီးဝတ် ရင်ဖုံးအင်္ကျီနှင့် ရင်စိအင်္ကျီအမျိုးမျိုး၊ ရှပ်ကော်လံ၊ စကတ်၊ ဘောင်ဘီ၊ ညဝတ်အင်္ကျီ စသည့်တို့ကို သင်ကြားပေးသွားမည် ဖြစ်သည်။

“ကျွန်တော်တို့ ဌာနအနေနဲ့ ကျေးလက်နေပြည်သူများရဲ့ လူမှုဘဝစီးပွားများ ဖွံ့ဖြိုးတိုးတက်လာစေရန် စဉ်ဆက်မပြတ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းတွေ ဖွင့်လှစ်ပေးလျက်ရှိပါတယ်။ သင်တန်းအမျိုးအစားတွေကတော့ ဝါးအခြေခံသင်တန်း၊ သစ်သီးယိုစုံသင်တန်း၊ အင်ဂျင်စစ် အင်ဂျင်ပြင်သင်တန်း၊ တစ်လုံးထိုး အင်ဂျင်ပြင်သင်တန်း၊ ဆိုင်ကယ်ပြင် သင်တန်းနဲ့ စက်ချုပ်သင်တန်း အပါအဝင် ခြောက်မျိုးဖြစ်ပါတယ်။ ယခုဖွင့်လှစ်တဲ့ စက်ချုပ်သင်တန်းကတော့ ကျေးလက်နေ ပြည်သူတွေအတွက် တစ်နိုင်တစ်ပိုင် အပ်ချုပ်စက်ဆိုင်များ ဖွင့်လှစ်လုပ်ကိုင်ရာတွင် လည်းကောင်း၊ အထည်ချုပ်စက်ရုံ အလုပ်ရုံများတွင် ဝင်ရောက်လုပ်ကိုင်ရာတွင်လည်းကောင်း အဆင်သင့် သင်ယူတတ်မြောက်ပြီ ဖြစ်စေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ခြင်းဖြစ်ပါတယ်”ဟု ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်လင်းနိုင်က ပြောသည်။

အဆိုပါ သင်တန်းကို နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၂၆ ရက်အထိ သင်တန်းကာလ တစ်လကြာ ဖွင့်လှစ်မည်ဖြစ်ပြီး ပင်းဝ၊ ပင်းဝကျွန်း၊ ဘုရားကုန်း၊ ညောင်ပင်သာကျေးရွာတို့မှ သင်တန်းသား သင်တန်းသူ ၃၀ ဦး တက်ရောက်လျက်ရှိသည်။

အဆိုပါ သင်တန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရေနံချောင်းမြို့နယ် ကျေးလက်ဒေသဦးစီးဌာနမှ ကြီးမှူး၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

ကိုစိုးကြီး