ကောလင်း ၂၇ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် မင်းချမ်းအခြေခံပညာ အထက်တန်းကျောင်း၌ “လူငယ်နှင့်ဘက်စုံဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့် ယနေ့မွန်းလွဲ ၁ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းတို့က အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကိုကိုမောင်က “လူငယ်နှင့်ဘက်စုံဖွံ့ဖြိုးရေး” ပြည်သူ့စကားဝိုင်း ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသူရလှိုင်က လူငယ်နှင့်အားကစား ဆောင်ရွက်ခြင်းကြောင့် ရရှိလာသည့်အကျိုးကျေးဇူးများ အကြောင်းနှင့် မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်ကြိုင်က စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာတွင် ဘေးကင်းလုံခြုံစေရေးအတွက် သိရှိလိုက်နာရမည့် ဆောင်ရန်၊ ရှောင်ရန်များနှင့် စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အခွင့်အရေးအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော ကျောင်းသား၊ကျောင်းသူများက သိရှိလိုသော အကြောင်းအရာများကို မေးမြန်းကြရာ သက်ဆိုင်ရာ တာဝန်ရှိသူတို့က ပြန်လည်ဖြေကြားပေးခဲ့သည်။ ယင်းနောက် စားသုံးသူရေးရာဦးစီးဌာနမှ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး ပြည်သူ့စကားဝိုင်းအခမ်းအနားသို့ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၃၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မြင့်ထွန်းမင်း(ပြန်/ဆက်)