ကိုရီးယားသမ္မတနိုင်ငံ ဘူဆန်မြို့၌ နိုဝင်ဘာ ၂၅ ရက်က ကျင်းပခဲ့သည့် အာဆီယံ-ကိုရီးယား စီးပွားရေးဆိုင်ရာ အမှုဆောင်အရာရှိချုပ်များ၏ ထိပ်သီးအစည်းအဝေး ၂၀၁၉ တွင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က " ဖွံ့ဖြိုးတိုးတက်မှု မျှဝေခံစားခြင်းကို တိုးမြှင့်နိုင်ဖို့နဲ့ ငြိမ်းချမ်းရေးကို ဆက်လက်ဖော်ဆောင်နိုင်ဖို့အတွက် မိတ်ဖက်ဆက်ဆံရေး သစ်များ တည်ဆောက်ရာမှာ မြန်မာနိုင်ငံ ပြန်လည်ပေါင်းစည်းပါဝင်လာခြင်းက အခွင့်အလမ်းကောင်းများကို ဆောင်ကြဉ်းပေး လျက်ရှိပါတယ်" ဟု ပြောကြားခဲ့ပါသည်။

 

ယနေ့ကမ္ဘာပေါ်ရှိ နိုင်ငံများအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုများကို ရရှိနိုင်ရေး ကြိုးပမ်းအားထုတ်ရာ၌ ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ်စေသည့် စွမ်းအင်နှင့်အရင်းအမြစ် သုံးစွဲခြင်းဆိုင်ရာ စိန်ခေါ်မှုများ၊ တိုးပွားလာသော လူဦးရေနှင့် တိုက်ရိုက်အချိုး ကျသည့် စားနပ်ရိက္ခာဖူလုံရေးနှင့် အလုပ်အကိုင်ရရှိရေး စိန်ခေါ်မှုများ၊ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများ စသည်ဖြင့် စိန်ခေါ်မှု မျိုးစုံတို့ကို ဖြတ်သန်းကျော်လွှား နေကြရသည်။

 

စိန်ခေါ်မှုဟူသည် အဟန့်အတား အတားအဆီးတစ်ရပ်ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှုသည် ထိုအဟန့်အတားကို ဖယ်ရှားနိုင်မည့် တွန်းအားတစ်ရပ်ဖြစ်သည်။ မိသားစုသဖွယ် ဆက်နွယ်နေသည့် ယနေ့ကမ္ဘာကြီးတွင် နိုင်ငံများအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ အခက်အခဲများအား သီးခြားစီဖြေရှင်းမည့် အလားအလာများကို ရှောင်ရှားပြီး ဘက်ပေါင်းစုံမှကြည့်၍ ပူးပေါင်း လက်တွဲကာ စုပေါင်းအဖြေရှာဖို့ လိုအပ်ကြောင်း ထိပ်သီးအစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ထုတ်ဖော် ပြောကြားခဲ့သည်။

 

တိုးတက်မှုနှင့် စိန်ခေါ်မှု ရင်ဆိုင်ကြုံတွေ့နေရသည့် နယ်ပယ်များကြားတွင် ချိတ်ဆက်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းကောင်း များကို အာဆီယံနှင့် ကိုရီးယားနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဖြင့် ဖန်တီးပေးလျက်ရှိသည်။ ထွန်းသစ်စ မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်လျက်ရှိသည့် အာဆီယံနိုင်ငံများ၊ အာရှနိုင်ငံများနှင့် ရင်းနှီးမြှုပ်နှံ ရေးနှင့် ကုန်သွယ်မှု ဆက်ဆံရေးတိုးမြှင့်ရေးကို အာရုံစိုက် ဆောင်ရွက်နေသည်။

 

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ကုန်းမြေအကျယ်ပြန့်ဆုံး နိုင်ငံဖြစ်ပြီး လူဦးရေ ၅၃ သန်း ကျော်သာရှိသည်။ အလုပ်လုပ်နိုင်သော ငယ်ရွယ်သူအများစုသည် နိုင်ငံလူဦးရေ၏ ထက်ဝက်ခန့်ရှိသည်။ မြန်မာနိုင်ငံ၏ နှစ်စဉ်စီးပွားရေး တိုးတက်မှုနှုန်းသည် ၆ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်း အကြားရှိသည်။ အာဆီယံနိုင်ငံများတွင် စီးပွားရေးတိုးတက်မှု အလျင်မြန်ဆုံး နိုင်ငံများတွင် ပါဝင်သည်။ အကြီးမားဆုံး ဒေသတွင်းအုပ်စုနှစ်စုဖြစ်သည့် မဟာမဲခေါင်ဒေသခွဲနှင့် တောင်အာရှဒေသခွဲ အုပ်စုတို့ကို ချိတ်ဆက် ထားသည့် မဟာဗျူဟာကျသော နေရာတွင်တည်ရှိသည်။ သဘာဝဓာတ်ငွေ့ ၁၇ ထရီလီယံကုဗမီတာ၊ ရေနံစိမ်းစည်ပေါင်း ၃ ဒသမ ၂ ဘီလီယံ၊ ရှားပါးသည့် သယံဇာတများ၊ ဓာတ်သတ္တုများနှင့် တွင်းထွက်ရတနာများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များ စသည့် အရင်းအမြစ်များ ကြွယ်ဝသည့်နိုင်ငံ ဖြစ်သည်။

 

၂၀၁၁ ခုနှစ်တွင် ပြည်တွင်းအသားတင်ထုတ်လုပ်မှု၏ ၁၉ ဒသမ ၇ ရာခိုင်နှုန်းရှိ၍ ၂၀၁၇ ခုနှစ်တွင် ၂၃ ဒသမ ၉ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့သည်။ အာဆီယံနိုင်ငံများသည် ကိုရီးယားသမ္မတနိုင်ငံ၏ ဒုတိယကုန်သွယ်မှု အများဆုံး မိတ်ဖက်ဖြစ်လာ သောအခါတွင် ထိုတိုးတက်မှုများကို မြန်မာနိုင်ငံအနေဖြင့် မျှဝေခံစားမှု ရရှိလာသည်။ စက်မှုကဏ္ဍ၌ တိုးတက်မှုများ ရရှိခဲ့ပြီး ကုန်ထုတ်လုပ်မှု တိုးတက်လာခြင်းနှင့် ကိုရီးယား-မြန်မာ ချစ်ကြည်ရေးတံတား၊ ကိုရီးယား-မြန်မာ စက်မှုဇုန် အပါအဝင် မဟာဗျူဟာကျသည့် အခြေခံအဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းသစ်များ ဖြစ်ထွန်းလာသည်။

 

သို့ဖြစ်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို မျှဝေခံစားခြင်း တိုးမြှင့်နိုင်ရန်အတွက် မိတ်ဖက်ဆက်ဆံရေးသစ်များ တည်ဆောက်ရာတွင် မြန်မာနိုင်ငံ၏ ပြန်လည်ပေါင်းစည်း ပါဝင်လာမှုများသည် အခွင့်အလမ်းကောင်းများကို သေချာစွာ ဆောင်ကြဉ်းပေးနိုင်ပြီ ဖြစ်ပါကြောင်း။   ။

ကြေးမုံ