ပဲခူး ၂၈ နိုဝင်ဘာ
ဆောက်လုပ်ရေးအခြေခံကျွမ်းကျင်မှု လက်သမား၊ ပန်းရံလုပ်ငန်း အခြေခံကျွမ်းကျင်မှုသင်တန်းကို နိုဝင်ဘာ ၂၇ ရက်မှ ၂၉ ရက်နေ့အထိ ပဲခူးမြို့ ဥဿမြို့သစ်၊ (၂)ရပ်ကွက်၌ ဖွင့်လှစ် သင်ကြားပေး လျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းကို အလုပ်အကိုင် အခွင့်အလမ်းနှင့် လုပ်ငန်းခွင်စွမ်းဆောင်ရည်မြင့်မားရေး၊ ပြည်တွင်း ပြည်ပ အာဆီယံနိုင်ငံ အသီးသီး၏ လုပ်ငန်းခွင်များတွင် နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ လုပ်အားခ ရရှိရေး၊ လုပ်ငန်းခွင်အတွင်း အန္တရာယ်နှင့် ရင်ဆိုင်ရပါက အာမခံရရှိနိုင်ရေး၊ နိုင်ငံတကာ၏ အလုပ်သမား အခွင့်အရေးများကို ခံစားခွင့်ရရှိနိုင်ရေး၊ နိုင်ငံတကာနှင့်အညီ အရည်အချင်းပြည့်ဝသော လုပ်ငန်းခွင် စနစ်များအား ထိုက်သင့်အားလျော်စွာ သိရှိနားလည်းစေရေး၊ လုပ်ငန်း၏ သက်ဆိုင်ရာ နယ်ပယ်အလိုက် အထူးကျွမ်းကျင်မှု ရှိသော အရည်အသွေး စစ်ဆေးရေးအဖွဲ့များနှင့် ပူးပေါင်းလုပ်ဆောင်ရသည်ဖြစ်၍ သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်၏ ယေဘူယျနည်းပညာများကို ခိုင်မာစွာ တတ်သိနားလည်နိုင်ရေး၊ အခြားသူများနှင့် ဆက်ဆံရာတွင် မျှမျှတတ ပြောဆိုဆက်ဆံတက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရသည်။

သင်တန်းကို ပဲခူးတိုင်းဒေသကြီး တည်ဆောက်ရေးလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ BRCB(T)နှင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း (ပဲခူးတိုင်းဒေသကြီး)တို့ ပူးပေါင်း၍ ဖွင့်လှစ်ခြင်း ဖြစ်ပြီး နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ စာတွေ့လက်တွေ့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကာ သင်တန်းသား ၂၀ တက်ရောက်လျက်ရှိသည်။
သင်တန်းသားများ အနေဖြင့် သင်တန်းပြီးဆုံးပါက အလုပ်အကိုင် အခွင့်အလမ်းများအနေဖြင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း (ပဲခူးတိုင်းဒေသကြီး)မှ အသင်းဝင် ဆောက်လုပ် ရေး ကုမ္ပဏီများနှင့် ချိတ်ဆက်ပြီး အလုပ်အကိုင် အခွင့်အလမ်းများရရှိအောင် ဆောင်ရွက် ပေးသွားမည် ဖြစ်သည့်အပြင် အပတ်စဉ်သင်တန်းများကိုလည်း စဉ်ဆက်မပြတ် ဖွင့်လှစ် သင်ကြားပေး သွားမည်ဖြစ်ကြောင်း သိရသည်။
တင်စိုး(ပဲခူး)