မင်္ဂလာဒုံ  ၂၈  နိုဝင်ဘာ

 

၂၀၁၇ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်း မြို့နယ်၏ ဂုဏ်ဆောင်နိုင်ခဲ့ကြသည့် ကြက်ခြေနီအသင်းဝင်များနှင့် တပ်ဖွဲ့ဝင်များအား မှတ်တမ်းတင်ဂုဏ်ပြုပွဲနှင့် ၂၀၁၉-၂၀၂၂ ခုနှစ်အတွင်း တာဝန်ယူဆောင်ရွက်မည့် မြို့နယ်ကြက်ခြေနီ အသင်းခွဲ အလုပ်အမှုဆောင်များနှင့် မိတ်ဆက်၍ ရှေ့လုပ်ငန်းစဉ်များ ပြောကြားခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ထောက်ကြန့် သပြေညိုခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

အခမ်းနားတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း၊ ခေတ္တမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန်းချစ်အေး၊ မြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးစိုးမြင့်တို့ တက်ရောက် အမှာစကား ပြောကြားသည်။

 

ထို့နောက် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်း မြို့နယ် ကြက်ခြေနီအသင်းခွဲနှင့်  ကြက်‌ခြေနီ သူနာပြု တပ်ဖွဲ့များ၏ မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြုံတွေလျှင် ကူညီပေးခြင်း၊ အရေးပေါ်ကိစ္စများ      ဖြစ်ပေါ်လာ ပါက ကူညီပေးခြင်း ၊ မြို့နယ်အတွင်းရှိ အထက၊ အလကကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများကို ရှေးဦးသူနာ ပြုစုခြင်း တို့ကို သရုပ်ဖော်ပြသခြင်း စသည့် ဆောင်ရွက်ချက်များကို  တပ်ဖွဲ့ခွဲမှူး ဦးအောင်သီဟထွန်းက ရှင်းလင်းပြောကြား သည်

 

အခမ်းနားတွင် ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်း တာဝန်ယူဆောင်ရွက်ခဲ့ကြသော မြို့နယ် ကြက်ခြေနီအသင်းခွဲနာယက၊ အလုပ်အမှုဆောင်များ၊ တပ်ခွဲမှူးများ၊ တပ်အဖွဲ့ဝင်များနှင့် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အောင်မြင်ခဲ့သော တပ်ဖွဲ့ဝင်များကို ဆုနှင့်မှတ်တမ်းတင် ဂုဏ်ပြုလွှာများ ပေးအပ်ချီးမြှင့်ခဲ့သည်။

 

အဆိုပါ အခမ်းအနားကို ရန်ကုန်မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ ကြီးမှူး၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

မြတ်သူဇာ(ပြန်/ဆက်)