ဘားအံ ၂၈ နိုဝင်ဘာ
မြန်မာနိုင်ငံ၏ ပဋိပက္ခဒဏ်သင့်ဒေသများတွင် မတူကွဲပြားပြီး ရေရှည်တည်တံ့သော ဝန်ဆောင်ပေးသူများက သင့်လျော်သည့်ငွေကြေးဆိုင်ရာထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို အမျိုးသမီးနှင့်မိန်းကလေးငယ်များအတွက် သိရှိနားလည် လက်လှမ်းမီမှုနှင့် အသုံးပြုမှုကို တိုးမြှင့်ရန်ရည်ရွယ်၍ ကရင်ပြည်နယ်အတွင်း အားလုံးပါဝင်သော ငွေကြေးကဏ္ဍခရီးစဉ် ဆွေးနွေးပွဲကို နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့ တော်ဝင်ရတနာဟိုတယ်၌ ကျင်းပသည်။

အဆိုပါဆွေးနွေးပွဲသည် ကုလသမဂ္ဂငွေကြေးအရင်းအနှီးဖွံ့ဖြိုးရေးရန်ပုံငွေအဖွဲ့(UNCDF)၏ မြန်မာနိုင်ငံအတွင်း ဆောင်ရွက်နေသော အမျိုးသမီးများစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့်ငွေကြေးကဏ္ဍတွင် ပါဝင်နိုင်ရေးအတွက် လုပ်ဆောင် သည့် စီမံကိန်းမှလုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ဆွေးနွေးပွဲသို့ ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစောချစ်ခင် တက်ရောက် အမှာစကားပြောကြားကာ ကုလသမဂ္ဂငွေကြေးအရင်းအနှီးဖွံ့ဖြိုးရေးရံပုံငွေအဖွဲ့(UNCDF) ဌာနေကိုယ်စားလှယ် Mr. Paul Luchtenburg က UNCDF ၏ လုပ်ငန်းများအကြောင်း၊ ကုလသမဂ္ဂငွေကြေးအရင်းအနှီးဖွံ့ဖြိုးရေးရန်ပုံငွေအဖွဲ့မှ အမျိုးသမီးစီးပွားဖွံ့ဖြိုးရေးနှင့်ငွေကြေးကဏ္ဍတွင်ပါဝင်နိုင်ရေးစီမံကိန်းခေါင်းဆောင် Ms. Cavelle Dove က စီမံကိန်း အကြောင်းကိုလည်ကောင်း၊ UNCDF မှ ဦးဝီလျှံနိုင်က ကရင်ပြည်နယ်အတွင်း အားလုံးပါဝင်ဆောင်ရွက်နေသော ဘဏ္ဍာရေး ဆိုင်ရာအချက်အလက်များကို လည်ကောင်း ရှင်းလင်းပြောကြားသည်။

ထိုဆွေးနွေးပွဲသို့ ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ ငွေကြေးနှင့်သက်ဆိုင်သည့် အမျိုးသမီး လုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ အရပ်ဖက်အဖွဲ့အစည်းများတက်ရောက်ခဲ့ကြပြီး အလုံးစုံပါဝင်သောငွေကြေး ကဏ္ဍတွင် ဝန်ဆောင်မှုပေးနေသူများ၏ အခက်အခဲနှင့်ပေးနေသောဝန်ဆောင်မှုများ၊ အမျိုးသမီးများ၏ ငွေကြေး လက်လှမ်းမီမှုအခန်းကဏ္ဍ၊ ဒီဂျစ်တယ်နည်းပညာဖြင့် ကျေးလက်ဒေသနေပြည်သူများ ငွေကြေးလက်လှမ်းမှီစေရေး ခေါင်းစဉ်များဖြင့် စကားဝိုင်းဆွေးနွေးခဲ့ကြကာ ဆွေးနွေးမှုရလဒ်များကို အဖွဲ့လိုက်ပြန်လည်တင်ပြခဲ့ကြသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)
