နေပြည်တော် ၂၈ နိုဝင်ဘာ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး Mr. Bhim K Udas အား နိုဝင်ဘာ ၂၇ ရက် မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးအေးလွင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဝန်ကြီးဌာနအနေဖြင့် ပြည်ဝင်ဗီဇာလွယ်ကူစေရေးအတွက် ဖြေလျော့ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ မြန်မာနိုင်ငံသားများ နီပေါနိုင်ငံသို့ ဗုဒ္ဓဂါယာ ဘုရားဖူးသွားရောက်မှုနှင့် နီပေါနိုင်ငံမှ ဘုရားဖူးလာရောက်သူများ အဆင်ပြေစေရေးအတွက် ဆောင်ရွက်ပေးနိုင်ရေး အခြေအနေများ၊ နီပေါနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၁၀ဝ)အား e- Visa ဖြင့် ကမ္ဘာလှည့်ဗီဇာခွင့်ပြုဆောင်ရွက်ပေးမှုနှင့် နိုင်ငံပေါင်း(၅၅)နိုင်ငံအား e- Visa ဖြင့် လုပ်ငန်းဗီဇာ ခွင့်ပြုဆောင်ရွက်ပေးမှုအခြေအနေ၊ ဆိုက်ရောက်ဗီဇာ (Visa on Arrival- VOA) ဖြင့် နီပေါ နိုင်ငံအပါအဝင် နိုင်ငံပေါင်း (၅၅)နိုင်ငံအား လုပ်ငန်းဗီဇာခွင့်ပြု ဆောင်ရွက်ရာပေးနေမှု အခြေအနေ၊ နီပေါနိုင်ငံသားကမ္ဘာလှည့် ခရီးသွားများအား မြန်မာနိုင်ငံမှဆိုက်ရောက်ဗီဇာ (Visa on Arrival) ခွင့်ပြုနိုင်ရေးအတွက် နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနအချင်းချင်း ညှိနှိုင်းဆောင်ရွက်နိုင်ရေး အခြေအနေများ၊ မြန်မာနိုင်ငံအတွင်းနေထိုင်သည့် နီပေါလူမျိုးများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးရေးအတွက် စီစဉ်ဆောင်ရွက်ပေးနေမှုနှင့် လိုအပ်သော စာရွက်စာတမ်း အထောက်အထားများအား နီပေါသံရုံးအနေဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်မှု အခြေအနေများ၊ နှစ်နိုင်ငံလူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်သမားရေးရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်နိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)