နေပြည်တော်  ၂၈    နိုဝင်ဘာ

 

တိုက်ပွဲရှောင်ပြည်သူများအတွက် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသော ဘက်စုံဒေသဖွံ့ဖြိုးရေးစီမံကိန်းဆိုင်ရာ အဆောက်အဦများ ပြီးစီးခြင်း အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲတွင် ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေ့ကော်မြို့သစ်ရှိ ဒူးပလာယာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ငြိမ်းချမ်းရေး ကော်မရှင် ဒုတိယဉက္ကဋ္ဌ ဦးသိန်းဇော်၊ (KNU) ကရင်အမျိုးသားအစည်းအရုံး ဉက္ကဋ္ဌ စောမူတူးစေးဖိုး၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး မစ္စတာ မာရုယာမ အိချိရောနှင့် နိပွန်ဖောင်ဒေးရှင်း ဉက္ကဋ္ဌ မစ္စတာ ဆာဆာ ကာဝါ တို့က အမှာစကားပြောကြား ကြသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က လေးကေ့ကော်မြို့သို့ ပြန်လည်ဝင်ရောက် နေထိုင်ကြသော ဒေသခံပြည်သူများအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများပေးအပ်ရာ ဒေသခံပြည်သူများကိုယ်စား တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ (KNU) ကရင်အမျိုးသားအစည်းအရုံးဉက္ကဋ္ဌ စောမူတူးစေးဖိုးနှင့် တာဝန်ရှိသူများက တိုက်ပွဲရှောင်ပြည်သူများအတွက် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသော ဘက်စုံဒေသဖွံ့ဖြိုးရေး စီမံကိန်းဆိုင်ရာ အဆောက်အဦများကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ အမှတ်တရသစ်ပင်စိုက်ပျိုးခြင်းနှင့် ငြိမ်းချမ်းရေး အထိမ်းအမှတ် ချိုးငှက်များ လွှတ်ပေးခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

လေးကေ့ကော်မြို့သစ်သည် နိုင်ငံတော်အစိုးရနှင့် (KNU)ကရင်အမျိုးသားအစည်းအရုံး တို့၏ NCA စာချုပ်ချုပ်ဆိုမှုနောက်ပိုင်းတွင် ပြုလုပ်သော ပြန်လည်နေရာချထားရေးအစီ အစဉ်အရ ပြည်တွင်းစစ်ဘေးရှောင်ပြည်သူများ၊ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများမှ မိမိဆန္ဒအလျောက် နေရပ်ပြန်ပြည်သူများ၊ KNU တပ်ဖွဲ့ဝင် မိသားစုများ၊ ထိုင်းနိုင်ငံမှ ပြန်လာကြသော ရွေ့ပြောင်း အလုပ်သမားမိသားစုများအတွက် ရည်ရွယ်၍ တည်ဆောက်ထားခြင်း ဖြစ်သည်။

 

နယ်စပ်ရေးရာဝန်ကြီးဌာနသည် ကရင်ပြည်နယ်၌ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ ငွေကျပ် ၂၁ ဒသမ ၀၈၂ ဘီလီယံ ကျခံသုံးစွဲဆောင်ရွက်‌ပေးလျက်ရှိရာ အဆိုပါလုပ်ငန်းများအနက် ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေ့ကော် မြို့သစ်ကို ၂၀၁၄ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ရာ လမ်းတံတားလုပ်ငန်းများ အပါအဝင် အခြေခံအဆောက်အအုံများကို ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် အထိ ရန်ပုံငွေကျပ် ၁၈၉၁ ဒသမ ၂၁၆ သန်း သုံးစွဲခဲ့ပြီး နေအိမ်အလုံး ၂၀၀ နှင့် အဆိုပါ နေအိမ်များအတွက် လျှပ်စစ်မီးသွယ်တန်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ထိန်လင်းအောင် (ပြန်/ဆက်)