ရန်ကုန် ၂၈ နိုဝင်ဘာ
တီမောလက်စ်တေ နိုင်ငံ၏ (၄၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကြေညာသည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယနေ့ ည ၆ နာရီခွဲတွင် ရန်ကုန်မြို့ Lotte Hotel ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်တက်ရောက်သည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သီချင်းနှင့် တီမောလက်စ်တေ နိုင်ငံသီချင်း တို့ဖြင့် အခမ်းအနားကိုစတင်ဖွင့်လှစ်သည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တီမောလက်စ်တေ သံအမတ်ကြီး Mr.Joao Freitas de Camara နှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်တို့က တီမောလက်စ်တေ နိုင်ငံ၏ (၄၄)နှစ်မြောက် လွတ်လပ်ရေးနေ့ ကြေညာသည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုအမှာစကား ပြောကြားကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ တီမောလက်စ်တေ သံအမတ်ကြီး တို့က တီမောလက်စ်တေနိုင်ငံ၏ (၄၄)နှစ်မြောက် လွတ်လပ်ရေးနေ့ ကြေညာသည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ကိတ်ကိုလှီးဖြတ်ကြပြီး၊ တက်ရောက် လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် တီမောလက်စ်တေ သံအမတ်ကြီးက အခမ်းအနားသို့ တက်ရောက် လာသောဧည့်သည်တော်များအား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
အဆိုပါ အခမ်းအနားသို့ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ ကုလသမဂ္ဂဆိုင်ရာ ဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြား ထားသူများတက်ရောက်ကြသည်။
(သတင်းစဉ်)