ဂန္ထဝင်မြောက် ယဉ်ကျေးမှုအစဉ်အလာ



နှစ်စဉ် နတ်တော်လဆန်း ၁ ရက်နေ့သည် စာဆိုတော်နေ့ဖြစ်သည်။ စာဆိုတော်နေ့ကို၁၃၀၆ ခုနှစ် စစ်အတွင်းကာလ ဒီးဒုတ် ဦးဘချို၊သူကြီးဂေဇက်ဦးခင်မောင်၊ ဦးသိန်းဟန်၊ဦးကောင်း၊ သူရိယ ဦးသိမ်းမောင်၊ ဂျာနယ်ကျော်ဦးချစ်မောင်၊ ဇဝန စသည့် မြန်မာနိုင်ငံ စာရေးဆရာအသင်း အမှုဆောင်အဖွဲ့နှင့် စာပေဆိုင်ရာပညာရှင်တို့က ညှိနှိုင်း သတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။

စာဆိုတော်နေ့ကို စာရေးဆရာအသင်းဖွဲ့စည်းပြီးနောက် လေးနှစ်ကြာမှ သတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။ ခရစ်နှစ် ၁၉၃၉ ခုနှစ် မတိုင်မီက စာရေးဆရာအသင်းဟူ၍ မရှိသေးဘဲ စာရေးဆရာအချို့နှင့် ဖွဲ့စည်း ထားသော ကလောင်အဖွဲ့လေးတစ်ခုသာရှိခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် အင်္ဂလိပ်စာရေးဆရာကြီးအိပ်ဂြီ၊ ဝဲ မြန်မာနိုင်ငံသို့ လာရောက်သည့်အခါ စာရေးဆရာများ စုပေါင်းဧည့်ခံသောပွဲနှင့် စာရေးဆရာကြီး ပီမိုးနင်း ကွယ်လွန်သည်ကို အကြောင်းပြု၍စာရေးဆရာများစုစည်းမိကြရာမှ ဒီးဒုတ်ဦးဘချိုခေါင်းဆောင်၍ စာရေးဆရာအသင်းကို ဖွဲ့စည်းဖြစ်သည်။

စာရေးဆရာအသင်းက ကြီးမှူးသည့် ပထမဆုံး စာဆိုတော်နေ့တွင် သက်ကြီးဝါကြီး စာရေးဆရာကြီးများအား ကန်တော့ခြင်း၊ စာပေပြိုင်ပွဲ၊ ဟောပြောပွဲများကို ရန်ကုန်မြို့နှင့် အနယ်နယ်အရပ်ရပ်တွင် ပထမဆုံးကျင်းပပြုလုပ်လာကြရာယခုအခါ နှစ်ပေါင်း ၇၅ နှစ် ရှိပြီဖြစ်သည်။ မြန်မာနိုင်ငံ၏ဘာသာသာသနာ၊ လူမှုရေး၊ နိုင်ငံရေးနှင့် စီးပွားရေး၊ စာပေယဉ်ကျေးမှုအသိပညာအဖြာဖြာ တိုးတက်ဖွံ့ဖြိုးအောင် ခေတ်အဆက်ဆက် ကလောင်ကိုင်စွဲပြီး ပါဝင်ကြိုးပမ်းခဲ့ကြသည့် စာပေပညာရှင်စာဆိုတော်ကြီးများ၏ဂုဏ်ကျေးဇူးများကို ဂုဏ်ပြု အသိအမှတ်ပြုရမည်ဖြစ်သည်။

ယင်းအစဉ်အလာသည် ဂန္ထဝင်မြောက် မြန်မာ့ယဉ်ကျေးမှု အစဉ်အလာ တစ်ရပ်အဖြစ် တည်ရှိနေသည်။ ၂၀၁၉ ခုနှစ် စာဆိုတော်နေ့သည် ထူးခြားမှုအသွင်ဆောင်ပေသည်။ ၂၀၁၈ ခုနှစ် အမျိုးသား စာပေ တစ်သက်တာဆုရအမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊အမျိုးသားစာပေဆုရရှိကြသူများ၊ စာပေဗိမာန် စာမူဆုရရှိကြသူများအားနိုင်ငံတော်သမ္မတနှင့် အစိုးရအဖွဲ့ဝင်များက ဂုဏ်ပြုချီးမြှောက်ခဲ့ကြပေသည်။ဆုချီးမြှင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်သမ္မတက -

"စာကောင်းပေမွန်များသည် ရတနာထက် ပိုမိုတန်ဖိုးရှိပြီး ပညာဗဟုသုတနှင့် ဉာဏ်အမြော်အမြင်တို့၏ ပင်မအရင်း အမြစ်ဖြစ်သလို ယင်းအကြားအမြင်ဗဟုသုတ တို့သည်ပင်လျှင် ဘဝအတွက် ခွန်အားများဖြစ်ပါကြောင်း၊ ဘဝခရီးတွင် အကြား အမြင်ဗဟုသုတမရှိဘဲ လုံ့လစိုက်ထုတ်နေခြင်းသည် အလင်းရောင်မပါဘဲ လျှောက်လှမ်းနေခြင်းသာဖြစ်ပါကြောင်း၊ စာဖတ်ခြင်းသည်လည်း ဘဝအတွက် အတွေ့အကြုံများ၊ သင်ခန်းစာများကိုလေ့လာသင်ယူနေခြင်းပင်ဖြစ်ပါကြောင်း၊ ယင်းအတွေ့အကြုံများ၊ သင်ခန်းစာများကို ရယူကျင့်သုံးတတ်ပါက စာဖတ်သူများအတွက် ဘဝ၏ လမ်းပြမြေပုံကောင်း တစ်ခုဖြစ်ပါကြောင်း" ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ပြောကြားသကဲ့သို့ စာဖတ်ခြင်းသည် အသိပညာရစေပြီး လက်တွေ့လိုက်နာကျင့်သုံးခြင်းသည် အတတ်ပညာကို ဖြစ်စေပါသည်။ ထိုအသိပညာနှင့် အတတ်ပညာတို့ကို ဟန်ချက်ညီစွာ အသုံးပြုပြီးမိမိတို့၏ဘဝခရီးကို မယိုင်မလဲ ခိုင်မြဲအောင် လျှောက်လှမ်းနိုင်ပါသည်။စာဖတ်ခြင်း၏အကျိုးရလဒ်သည် ကြီးမားလှသည်ဖြစ်သော်လည်းပြောင်းလဲတိုးတက်လာသော ခေတ်ကာလအခြေအနေအရ စာဖတ်သည့်အလေ့အထ အားနည်းလာသည်ကို တွေ့ရသည်။

စာမဖတ်ခြင်းဖြင့်ဦးနှောက်အာဟာရချို့တဲ့စေပါသည်။ ကမ္ဘာလောက၊ လူမှုပတ်ဝန်းကျင်နှင့်အဆက်ပြတ်စေပါသည်။ ထို့ကြောင့် လူတိုင်းလူတိုင်း စာကောင်းပေမွန်များကို ဖတ်ရှုလာသည်နှင့်အမျှ မြန်မာ့လူ့အဖွဲ့အစည်း၏တန်ဖိုး မြင့်မားတိုးတက်အောင် ကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်းအပ်ပါသည်။

သို့ဖြစ်ရာ ရှေးမြန်မာစာဆိုအကျော် စာပေပညာရှင်ကြီးများက မျိုးစေ့ချထားပေးခဲ့သည့် ဂန္ထဝင်မြောက် မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကောင်းကိုဆက်လက်မြှင့်တင်ရင်း ကိုယ်ရည်ကိုယ်သွေး၊ ကိုယ်စွမ်းကိုယ်စများဖွံ့ဖြိုးတိုးတက်အောင် စာပေအာဟာရ တိုက်ကျွေးကြရမည်ဖြစ်ပါကြောင်း။ ။

 

့တိ