မန္တလေး ၂၉ နိုဝင်ဘာ
တောရိုင်းတိရစ္ဆာန်များကာကွယ်စောင့်ရှောက်ရေးနှင့် တောင်ရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းများ တရားမဝင် ရောင်းဝယ် ဖောက်ကားမှုများကို ဆန့်ကျင်တိုက်ဖျက်ရေးတို့အတွက် ရည်ရွယ်၍ “တောကောင်လေး များအတွက် ရင်တွင်းစကားသံ’’ ကမ်ပိန်းကို မန္တလေးမြို့ လူစည်ကားရာနေရာများ၌ လာမည့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း Voices For Wildlife (VFW) အဖွဲ့ဝင် ဒေါ်မေမိုးဝါထံ မှ သိရသည်။
အဆိုပါ ကမ်ပိန်းကို မန္တလေးမြို့ရှိ လူစည်ကားရာနေရာများတွင် တောရိုင်းတိရစ္ဆာန်ကာကွယ်ရေးအလှပြ ယာဉ်များ စီတန်းလှည့်လည်ပြသခြင်း၊ တေးဂီတဖျော်ဖြေမှုများ၊ အကအလှများနှင့် လူထုအသိပညာ ပေးခြင်းများ ပါဝင် မည်ဖြစ်ကြောင်း သိရသည်။
အစိုးရနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများပါမကျန် တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းများ တရားမဝင် ရောင်းဝယ် ဖောက်ကားမှုများကို တိုက်ဖျက်နိုင်ရန် အတွက် ကမ်ပိန်းပြုလုပ်သွားမည်ဖြစ်ပြီး ကမ်ပိန်း မှာပါတဲ့ အလှပြယာဉ်တွေ စီတန်းလှည့်လည်တဲ့ အစီအစဉ်မှ တောရိုင်းတိရစ္ဆာန်ချစ်သူတွေရဲ့ အသံတွေကို စုစည်းလာနိုင်ပါ ဟု Voices For Wildlife (VFW) အဖွဲ့ဝင် ဒေါ်မေမိုးဝါ က ပြောကြားသည်။
မန္တလေးမြို့သည် တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းများ တရားမဝင်ရောင်းဝယ်ဖောက်ကားမှုများကို ဆန့်ကျင် တိုက်ဖျက်ရေးအတွက် အရေးပါသော မြို့ဖြစ်ကြောင်း ၊ ဆင်၊သင်းခွေချပ်၊ ပသျှူးဝက်ဝံ၊ ရွှေသမင်၊ ဒေါင်း၊လိပ်၊ ရှားပါးငှက်မျိုးစိတ်များနှင့် လူသိများသော ဧရာဝတီလင်းပိုင် စသည့်တောင်ရိုင်း တိရစ္ဆာန်များ ကျက်စားရာနေရာ ဖြစ်ပြီး တရားမဝင်ရောင်းဝယ်ဖောက်ကားမှုများပြားသည့် ရွှေတြိဂံ ဒေသ၊ တရုတ်နိုင်ငံတို့နှင့် နီးကပ်စွာတည်ရှိခြင်းတို့ကြောင့် တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းများ တရားမဝင် ကုန်သွယ်ရာ ကြားခံဒေသဖြစ်နေသည့်အတွက် အဆိုပါ ကမ်ပိန်းကို မန္တလေးမြို့တွင် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
Convention on International Trade in Endangered Species of Wild Fauna and Flora- CITES အရ ထိန်းသိမ်းကာကွယ်ရမည့် ဇီဝမျိုးစိတ်များ ဖမ်းဆီးရောင်းဝယ်ခြင်း ကို တရားမဝင်လုပ်ရပ်အဖြစ် သတ်မှတ်ခဲ့ ကြောင်း သိရပြီး မြန်မာနိုင်ငံ တွင် ဇီဝမျိုးစိတ်မျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက် ခြင်း ဆိုင်ရာ နည်းဉပဒေကို ပြည်ထောင်စုလွှတ်တော်မှ ၂၀၁၈ ခုနှစ်မေလ တွင် ပြဌာန်းခဲ့ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)