နေပြည်တော် ၂၉ နိုဝင်ဘာ
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန် - ပုသိမ်လမ်း (ရန်ကုန်တိုင်းဒေသကြီးအပိုင်း) လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများအပိုင်းလိုက် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန် - ပုသိမ်လမ်း (ဧရာဝတီတိုင်းဒေသကြီးအပိုင်း) လမ်းအဆင့် မြှင့်တင်ခြင်း လုပ်ငန်းခွင်သို့ ရောက်ရှိပြီး မိုင်တိုင်အမှတ် (၁၇/၄) နှင့် (၂၄/၄ )အကြား လမ်းချဲ့ခြင်း၊ စက်ယန္တရားများဖြင့် လမ်းသားအမာခံရရှိအောင် ဆောင်ရွက်ခြင်း၊ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ရန်ကုန် - ပုသိမ်လမ်း ရှင်းလင်းဆောင်၌ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူး(မြို့ပြ) ဦးရန်နိုင်ဇော်က ရန်ကုန် - ပုသိမ်လမ်း (ဧရာဝတီတိုင်းဒေသကြီးအပိုင်း) မိုင်တိုင် (၁၇/၄) မှ (၄၁/၄)ထိခရိုင်(၂)ဖွဲ့၊ လမ်းအထူးအဖွဲ့(၃) ဖွဲ့ စုစုပေါင်း (၅)ဖွဲ့ဖြင့် စက်ယန္တရားများဖြင့် လမ်းချဲ့ခြင်း၊ အောက်ခံလမ်းသားအမာခံရရှိအောင် ဆောင်ရွက်ခြင်းနှင့် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် Oriental Highway Co., Ltd မှ တာဝန်ရှိသူက ရန်ကုန် - ပုသိမ်လမ်း (ရန်ကုန်တိုင်းဒေသကြီးအပိုင်း) လမ်းအဆင့်မြှင့်တင် ခြင်းလုပ်ငန်းများအပိုင်းလိုက် လုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြရာ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအုန်းလွင်က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ရန်ကုန်-ပုသိမ် လမ်းမကြီးသည် ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးကို ဆက်သွယ်သည့် အရေးပါသည့် လမ်းတစ်လမ်း ဖြစ်ပါကြောင်း၊ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာ “အစကောင်းမှ အနှောင်းသေချာမည်” ဖြစ်သည့်အတွက် လုပ်ငန်းစတင်ဆောင်ရွက်စဉ်ကပင် သတ်မှတ် စံချိန်စံညွှန်းပြည့်မီရန် ဆောင်ရွက်ရန်လိုကြောင်း၊ ခရီးသွားပြည်သူများနှင့် လုပ်ငန်းဆောင်ရွက်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး သတိပေး ဆိုင်းဘုတ်များ၊ အသိပေးဆိုင်းဘုတ်များ ထားရှိရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန် - ပုသိမ်လမ်း (ဧရာဝတီတိုင်းဒေသကြီးအပိုင်း) မိုင်တိုင်အမှတ် (၃၀/၄) နှင့် (၃၀/၅) ကြားကွန်ကရစ် ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ မိုင်တိုင်အမှတ် (၃၈/၄ မှ ၄၁/၃) ကြားလမ်းချဲ့ရန်အတွက် စက်ယန္တရားများဖြင့် မြေကြီးလုပ်ငန်း ဆောင်ရွက်နေမှု၊ ဗိုလ်မြတ်ထွန်းတံတားနှင့် ဧရာ၀တီတံတား (ညောင်တုန်း)တို့၏ ကြံ့ခိုင်မှုကို ကြည့်ရှုစစ်ဆေးသည်။
(သတင်းစဉ်)