နေပြည်တော် ၂၉ နိုဝင်ဘာ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကမ္ဘာ့ဘဏ်နှင့် ဂျာမန်စိုက်ပျိုးရေးအဖွဲ့အစည်း (Delegates from German Agricultural Society–DLG) တို့ပူးပေါင်း၍ ခေတ်မီစက်မှု လယ်ယာစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်မှု စွမ်းအားကို မြှင့်တင်ရန်ရည်ရွယ် ကျင်းပသော နိုင်ငံတကာ လယ်ယာသုံး စက်ကိရိယာပြပွဲကို ယနေ့ နံနက် ၉ နာရီက နေပြည်တော် တပ်ကုန်းမြို့နယ် ရေအေးကျေးရွာအနီးရှိ စံပြစိုက်ပျိုးကွင်း၌ ကျင်းပသည်။
အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်နှင့် နေပြည်တော်ကောင်စီဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ လယ်ယာကဏ္ဍဆိုင်ရာ ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ရေးရာကော်မတီများမှ ကိုယ်စားလှယ်များ၊ ကမ္ဘာ့ဘဏ်ဌာနေကိုယ်စားလှယ်၊ အပြည်ပြည်ဆိုင်ရာ ဆန်စပါး သုတေသနဌာန Senior Scientist Dr. Martin၊ ဂျာမန်စိုက်ပျိုးရေးအဖွဲ့အစည်း Division Manager Dr. Klaus၊ ဂျာမန်စက်မှုလုပ်ငန်းနှင့် ကူးသန်းရောင်းဝယ်ရေး အဖွဲ့နှင့် NGOs/INGOsများ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် မှ တာဝန်ရှိသူများနှင့် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တောင်သူလယ်သမားများ တက်ရောက်ကြသည်။
ပြပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက လယ်ယာလုပ်ငန်း၏ မြေယာပြုပြင်ရေးနှင့် ရိတ်သိမ်းခြွေလှေ့ရေး လုပ်ငန်းများတွင် စက်ကိရိယာများအား အဓိက ထားသုံးစွဲလာမှုနှင့်အတူ တောင်သူများအနေဖြင့် ထွန်စက်ကြီး၊ ရိတ်သိမ်း ခြွေလှေ့စက်၊ လက်တွန်းထွန်စက်များကို တိုးတက်ပိုင်ဆိုင် သုံးစွဲလာလျက်ရှိနေကြကြောင်း၊ စက်မှုလယ်ယာ ဖွံ့ဖြိုးတိုးတက်ရန် မိမိတို့ဝန်ကြီးဌာန အနေဖြင့်ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ တောင်သူများ၏ လယ်ယာသုံးစက်ကိရိယာများ တိုးတက်ပိုင်ဆိုင်နိုင်မှု တိုးတက်လာပြီး ပုဂ္ဂလိက စက်မှုလယ်ယာဝန်ဆောင်မှုအသင်း(၁၂၁) ခုဖွဲ့စည်း ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း။
စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုလယ်ယာစနစ် ပြောင်းလဲ ဆောင်ရွက်နိုင်ရေးသည် အဓိကျသည့် အခန်းကဏ္ဍမှပါဝင်လျက်ရှိသည်နှင့်အညီ စက်မှု လယ်ယာစနစ် ဖွံ့ဖြိုးတိုးတက်လာစေရေး နိုင်ငံတော်မှ နည်းလမ်းမျိုးစုံဖြင့်အားပေး ဆောင်ရွက် လျက်ရှိကြောင်း၊ လက်ရှိကာလတွင် တောင်သူဦးကြီးများအနေဖြင့် ကျေးလက်ဒေသများတွင် လယ်ယာလုပ်သားခက်ခဲမှု၊ ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးနှင့် အခြားသောဘေးအန္တရာယ်များ ကျရောက်မှုတို့ကြောင့် တောင်သူလယ်သမားအများစု၏ လူမှုစီးပွားဘဝကို ပိုမိုထိခိုက်စေမှုများ ကြုံတွေ့ရသည့်အပေါ် ခေတ်မီစိုက်ပျိုးရေးနည်း စနစ်များ သိရှိလာပြီး သီးထပ်များတိုးချဲ့ စိုက်ပျိုးခြင်းဖြင့် ဝင်ငွေတိုးတက်ရရှိပြီး လယ်ယာလုပ်ငန်းတွင် လယ်ယာသုံးစက်ကိရိယာများ ပိုမိုတိုးမြင့် အသုံးပြုလာကြသည်ကို တွေ့မြင်ရပါကြောင်း၊ နိုင်ငံတကာနည်းပညာတိုးတက်မှုများကို အခြေခံ၍ခေတ်မီလယ်ယာသုံး စက်ကိရိယာများ တီထွင်အသုံးပြုလျက်ရှိရာ မိမိတို့၏ တောင်သူလယ်သမားများအတွက် ခေတ်မီအဆင့်မြင့် လယ်ယာသုံး စက်ကိရိယာများ တွင်ကျယ်စွာ အသုံးပြုနိုင်စေရန် ဘက်စုံကဏ္ဍစုံမှ ပူးပေါင်း ဆောင်ရွက်သွားရန်တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသနဌာန Senior Scientist Dr. Martin၊ ဂျာမန်စိုက်ပျိုးရေးအဖွဲ့အစည်း Division Manager Dr. Klaus နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်ကျော် တို့က စက်မှုလယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးဆိုင်ရာများ၊ နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်ရန်လိုအပ်မှုနှင့် ပုဂ္ဂလိကကဏ္ဍမှ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြသည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ဌာနဆိုင်ရာပြခန်းများ၊ ပုဂ္ဂလိက ပြခန်းများ၊ ပြည်တွင်း ပြည်ပ ကုမ္ပဏီ အရောင်းပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးကြရာ တာဝန်ရှိသူများက ရှင်းလင်းပြသကြသည်။
တောင်သူများအနေဖြင့် မိမိတို့စိုက်ပျိုးမည့်သီးနှံစနစ်နှင့် သင့်တော်သော လယ်ယာသုံး စက်ကိရိယာများအား ရွေးချယ်သုံးစွဲနိုင်ပြီး လယ်ယာလုပ်ငန်း၌ စက်ကိရိယာသုံးစွဲမှု တိုးတက်လာစေရန်၊ လယ်ယာသုံးစက်ကိရိယာဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီများ၊ နိုင်ငံတကာမှ ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးခွင့်ရရှိရန်နှင့် ခေတ်မီလယ်ယာသုံးစက်ကိရိယာများ၏ လုပ်ဆောင်မှုကို လက်တွေ့သိမြင်လေ့လာနိုင်ပြီး ပုဂ္ဂလိကလယ်ယာဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ခေတ်မီစက်မှုလယ်ယာစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်မှု စွမ်းအားကိုမြှင့်တင်ရန် ရည်ရွယ်၍ ပြပွဲကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ပြပွဲတွင်သြစတြေးလျ၊ ဂျာမနီ၊ သြစတြီးယား၊ အိန္ဒိယ၊ ထိုင်းနိုင်ငံစသော နိုင်ငံများမှ ပြည်ပ ကုမ္ပဏီ(၆)ခု နှင့်လယ်ယာသုံး စက်ကိရိယာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက် ရှိသော ပြည်တွင်းကုမ္ပဏီ (၂၃)ခုတို့မှ ပြခန်းပေါင်း ၄၅ ခန်း ခင်းကျင်းပြသလျက်ရှိပြီး လာရောက်လေ့လာကြသော တောင်သူများအနေဖြင့် ခေတ်မီလယ်ယာသုံးစက်ကိရိယာ အမျိုးမျိုးကို ကွင်းအတွင်း လက်တွေ့ မောင်းနှင်သရုပ်ပြသမှုများအား လေ့လာတွေ့ရှိ နိုင်ကြမည်ဖြစ်သဖြင့် နိုဝင်ဘာ ၂၉ ရက်မှ ၃၀ ရက်အထိ ခင်းကျင်းပြသမည့် ပြပွဲကာလ ၂ ရက်အတွင်း မိမိတို့ လယ်ယာ လုပ်ငန်းအတွက်သင့်တော်မည့် စက်ကိရိယာများ လေ့လာရွေးချယ်နိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)