မြင်းခြံ ၂၉ နိုဝင်ဘာ

 

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် (NEP) အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့သော ကျေးရွာ (၄) ရွာတွင် တစ်နိုင်လုံးရှိ အိမ်ထောင်စု (၅၀) ရာခိုင်နှုန်း မီးလင်းပေးနိုင်ခြင်းကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ကျေးရွာ လေးရွာတွင် အိမ်သုံးမီတာများ တပ်ဆင်ပေးခြင်းကို မန္တလေး လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ် လျှပ်စစ်ဓာတ်အားပေး ရေးလုပ်ငန်းမှ သဲဖြူဝကျေးရွာ ဓမ္မာရုံတွင် နိုဝင်ဘာလ ၂၉ ရက် နံနက် ၉ နာရီက ပြုလုပ် ခဲ့ကြောင်း သိရသည်။

 

အဆိုပါ အိမ်သုံးမီတာများ အလုံးအရင်းဖြင့် တပ်ဆင်ပေးခြင်းအခမ်းအနားတွင် မြို့နယ်လျှပ်စစ် မန်နေဂျာ ဦးမြလင်းဝေက အိမ်သုံးမီတာများတပ်ဆင်ပေးရခြင်း အကြောင်းနှင့် လျှပ်စစ်အန္တရာယ် အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် မြင်းခြံမြို့နယ်တွင် (NEP) အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့သော သဲဖြူဝကျေးရွာ(အနောက်၊ မြောက်)၊ ကံသာအေး၊ ကျည်းပင် ကျေးရွာ (၄)ရွာအား တစ်နိုင်ငံလုံးရှိ အိမ်ထောင်စု (၅၀) ရာခိုင်နှုန်း မီးလင်းပေးနိုင်ခြင်းကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် အိမ်သုံးမီတာများ အလုံးအရင်း မီတာ(၁၅၄) လုံးကို တပ်ဆင်ပေးခဲ့ကြောင်း သိရှိရသည်။

 

ယခုအခါ မြင်းခြံမြို့နယ်အတွင်း ကျေးရွာပေါင်း (၁၅၄) ရွာကို ဓာတ်အားပေးစနစ်ဖြင့် မီးလင်းနေပြီး၊ ရာခိုင်နှုန်းအားဖြင့် (၈၄) ရာခိုင်နှုန်း ဓာတ်အားပေးပြီးဖြစ်ကြောင်း ယခုနှစ်ကုန်တွင် မြင်းခြံမြို့နယ် ကျေးရွာအားလုံး မီးလင်းနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

 

ဇော်မင်းနိုင်(မြင်းခြံ)