၂၉ နိုဝင်ဘာ
ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (က) တတိယနေ့ကို ယနေ့ညနေပိုင်းက မနီလာမြို့ရှိ ရီဇယ်လ် အမှတ်တရကွင်း၌ ဆက်လက်ကျင်းပရာ မြန်မာအသင်း နိုင်ပွဲဆက်ခဲ့သည်။ မြန်မာအသင်းသည် တီမောအသင်းနှင့် တွေ့ဆုံခဲ့ပြီး သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်းသည် တီမောကို အနိုင်ယူပြီး နှစ်ပွဲဆက်အနိုင်ရခဲ့၍ ကျေနပ်စရာဖြစ်ခဲ့သော်လည်း နှစ်ဂိုးအသာဖြင့် အနိုင်ရခဲ့သည့်အပြင် ခံစစ်ကလည်း တစ်ပွဲ၊ တစ်ဂိုးနှုန်း ပေးနေရသောကြောင့် ဆီမီးဖိုင်နယ်တက်ရောက်ရန် မသေချာသေးဘဲ နောက်ဆုံးပွဲအထိ ရုန်းကန်ရမည်ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲတွင် ကမ္ဘောဒီးယားအသင်းနှင့် ကစားရမည်ဖြစ်ပြီး ဆီမီးဖိုင်နယ် တက်ရောက်ရန် ယင်းပွဲမှာ အရေးပါလျက်ရှိသည်။
မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ပိုပေါ့ဗ်သည် ပွဲထွက်လူစာရင်းကို တစ်ဦးသာပြောင်းလဲခဲ့ပြီး ဒဏ်ရာပြဿနာရှိနေသည့် စိုးမိုးကျော်နေရာတွင် ဝင်းမိုးကျော်ကိုသာ အသုံးပြုကာ အောင်ကောင်းမာန်၊ လွင်မိုးအောင်၊ လှိုင်းဘိုဘို၊ ရဲမင်းသူတို့ဖြင့် ပွဲထွက်ခဲ့သည်။ မြန်မာအသင်းသည် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့ပြီး ၁၀ မိနစ်တွင် အောင်ကောင်းမာန်က အဖွင့်ဂိုးသွင်းယူခဲ့သည်။ ဂိုးရပြီးနောက်ပိုင်းတွင် မြန်မာအသင်း ပွဲကဆက်လက်ဖိကစားနိုင်ခဲ့ပြီး ၃၅ မိနစ်တွင် ထက်ဖြိုးဝေက ဒုတိယဂိုးထပ်မံသွင်းယူခဲ့သည်။ မြန်မာအသင်းသည် နှစ်ဂိုးအသာဖြင့် ဦးဆောင်နိုင်သော်လည်း ခံစစ်ကစားပုံမှာ အားနည်းမှုများရှိခဲ့ပြီး တီမောအသင်းက အသုံးချကာ မိနစ် ၄၀ တွင် မာစကွီတာက ဂိုးပြန်သွင်းခဲ့သည်။
ဂိုးပြတ်အနိုင်ရရန် လိုအပ်နေသည့် မြန်မာအသင်းသည် မထင်မှတ်ဘဲ ဂိုးပြန်ပေးလိုက်ရသောကြောင့် ဒုတိယပိုင်းတွင် ဆက်လက်ရုန်းကန်ခဲ့ရပြီး တစ်ဂိုးသာ ထပ်မံသွင်းယူနိုင်ခဲ့သည်။ မြန်မာအသင်းအတွက် တတိယဂိုးကို ၅၃ မိနစ်တွင် အသင်းခေါင်းဆောင် လှိုင်းဘိုဘိုက ထောင့်ကန်ဘောမှတစ်ဆင့် သွင်းယူခဲ့သည်။ နည်းပြပိုပေါ့ဗ်သည် ဂိုးထပ်မံရရှိရေးအတွက် ဝင်းနိုင်ထွန်း၊ စည်သူအောင်နှင့် စိုးလွင်လွင်တို့ကိုထည့်ကာ တိုက်စစ်အားမြင့်ခဲ့သည်။ မြန်မာအသင်းသည် ဂိုးထပ်ရနိုင်သည့် အခွင့်အရေးများ ထပ်ရခဲ့သော်လည်း လှိုင်းဘိုဘို၊ စည်သူအောင်၊ လွင်မိုးအောင်နှင့် ဝင်းနိုင်ထွန်းတို့၏ ဂိုးသွင်းယူမှုများ လွဲချော်ခဲ့၍ ယင်းရလဒ်အတိုင်း ပြီးဆုံးခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်းသည် သုံးပွဲကစားအပြီးတွင် နှစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ ခုနစ်မှတ်ရထားပြီး နောက်ဆုံးပွဲအဖြစ် ဒီဇင်ဘာ ၂ ရက်တွင် ကမ္ဘောဒီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်