နေပြည်တော် ၂၉ နိုဝင်ဘာ
“လူမှုအဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ဖို့ စာရင်းအင်းဆိုင်ရာအသိပညာမြှင့်တင်စို့”ဆိုသည့် ဆောင်ပုဒ် ဖြင့်စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့က ကျင်းပသည့် မြန်မာစာရင်းအင်းဖိုရမ် (၂၀၁၉) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Grand Amara ဟိုတယ်၌ ကျင်းပရာစာရင်းအင်း အချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေး ပြည့်ဝရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။
အခမ်းအနားတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူက ကုလသမဂ္ဂ စာရင်းအင်းကော်မရှင်က အောက်တိုဘာ ၂၀ ရက်နေ့ကို ကမ္ဘာ့စာရင်းအင်းနေ့အဖြစ် သတ်မှတ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးတွင်(၅)နှစ် (၁)ကြိမ် ကျင်းပလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ကမ္ဘာ့စာရင်းအင်းနေ့ကို ၂၀၁၅ခုနှစ်တွင် ကျင်းပနိုင်ခဲ့ပြီး စာရင်းအင်းဆိုင်ရာ အချက် အလက် ထုတ်ပြန်သူများနှင့် အချက်အလက်သုံးစွဲသူများအကြား ဆက်ဆံရေးကောင်းမွန်စေရန်၊ လိုအပ်နေသည့် စာရင်းအင်းများဖြည့်ဆည်းရန်နှင့် အကျိုးသက်ဆိုင်သူများအကြား ပူးပေါင်းဆောင်ရွက်ရန်ပြုလုပ်သည့် Platform တစ်ရပ်အဖြစ်မြန်မာစာရင်းအင်းဖိုရမ် (၂၀၁၈)ကိုကျင်းပ နိုင်ခဲ့ကြောင်း။
ယနေ့ ၂၀၁၉ ခုနှစ်ဖိုရမ်ကို မြန်မာနိုင်ငံတွင်အရည်အသွေးပြည့်ဝသည့် စာရင်းအင်းများ ထုတ်ပြန်နိုင်ရေးအတွက် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ခြင်း၏ အရေးပါမှုကို သိရှိစေရန်၊စာရင်း အင်း အချက်အလက်များ၏အရေးပါမှုကိုပြည်သူများအား အသိပညာပေးမြှင့်တင်ပေးရန် ရည်ရွယ်ပြီး "စာရင်းအင်းအချက်အလက်နှင့် လူမှုအဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရန် စာရင်းအင်း ဆိုင်ရာ အသိပညာမြှင့်တင်ကြပါစို့""Our Statistics, Our Society: Promoting Statistical Literacy"ဆိုသည့်ဆောင်ပုဒ်နှင့်ကျင်းပခြင်းဖြစ်ပါကြောင်း။
ထို့ပြင်ယနေ့အခမ်းအနား၏ နောက်ထပ်ရည်ရွယ်ချက်များမှာ ၂၀၁၉ ခုနှစ်ဇန်နဝါရီ (၂၂) ရက်တွင် စတင်အသက်ဝင်လာသည့် စာရင်းအင်းဥပဒေ၏အခန်းကဏ္ဍနှင့် စာရင်းအင်း ဆိုင်ရာပညာရပ်၏ အရေးပါမှုကိုမြို့ပြ၊ ကျေးလက်အလွှာအသီးသီးအထိသိရှိနားလည်စေရန် အတွက် အသိပညာပေးရန်၊ကဏ္ဍစုံ၊ဌာနစုံပူးပေါင်းဆောင်ရွက်ခြင်းဖြင့် စာရင်းအင်းအရည် အသွေး မြှင့်တင်ရန်နှင့်ကျောင်းသားလူငယ်များအကြား စာရင်းအင်းပညာရပ်အားလက်တွေ့ အသုံးပြုမှုမြှင့်တင် ပေးရေးအတွက် Statistics Quiz များ ဆောင်ရွက်နိုင်ရန်အတွက်ဖြစ်ပါကြောင်း။
စာရင်းအင်းအချက်အလက်မှန်ကန်ရေးကိစ္စသည် ဖွံ့ဖြိုးပြီးနိုင်ငံများနှင့်ဖွံ့ဖြိုးဆဲနိုင်ငံများ အတွက်ပါအလွန် အရေးပါပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးစေရန်အခြေခံဖြစ်သည့် စာရင်းအင်းများ ရှေ့နောက်ညီညွတ်မှုရှိရန်၊ အချိန်မီရရှိရန်၊ ယုံကြည်ကိုးစားနိုင်သည့် ခိုင်မာသည့် စာရင်းအင်းများရရှိရန်၊ အထူးသဖြင့်ပုဂ္ဂလိကကဏ္ဍမှ စာရင်းအင်းများရရှိရန်လိုအပ်လျက် ရှိပါကြောင်း၊ အရည်အသွေးရှိသည့်စာရင်းအင်းများရရှိမှသာ နိုင်ငံတော်၏လက်ရှိဖြစ် ပေါ်နေသည့် နိုင်ငံရေး၊စီးပွားရေး၊ လူမှုရေး အခြေအနေများကို ထင်ဟပ်နိုင်မည်ဖြစ်ပါကြောင်း၊ ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်လက်တွေ့ကျသည့် မူဝါဒများကိုခိုင်မာ အောင် ဆောင်ရွက်သည့်နေရာတွင် အရည်အသွေးရှိသည့် စာရင်းအင်းများသည် မရှိမဖြစ် အရေးပါပြီးဖွံ့ဖြိုး တိုးတက်ရန်လိုအပ်နေသည့် ကဏ္ဍများ၊ နေရာဒေသများအတွက် ဦးစားပေး ရှာဖွေဖော်ထုတ်ရာတွင်လည်း အလွန်အရေးပါပါကြောင်း။
ထို့အပြင်မူဝါဒ ပိုမိုကောင်းမွန်ရန်ပြင်ဆင်ရန်ရှိနေသည်များကိုလည်း ပြန်လည်ပြင်ဆင် နိုင်မည်ဖြစ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း မှန်ကန်သည့် အချက်အလက် များအပေါ် အခြေခံပြီးရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နိုင်မှသာ အရှုံးဖြစ်ပေါ်နိုင်မှုနှင့် စွန့်စားရမှု (Risk Management) တို့ကိုထိရောက်စွာ စီမံခန့်ခွဲနိုင်မည်ဖြစ်ပါကြောင်း။
စာရင်းအင်းဥပဒေအရစာရင်းအင်းမူဝါဒအနှစ်ချုပ် (Statistical Policy Brief)၊စာရင်းအင်း ဆိုင်ရာဖွံ့ဖြိုးမှုအမျိုးသားအဆင့်မဟာဗျူဟာ (National Strategy for Development of Statistics-NSDS)နှင့် NSDS Action Plan တို့ကိုရေးဆွဲခဲ့ပြီးသက်ဆိုင်ရာ အလိုက်လုပ်ငန်း အဖွဲ့များဖွဲ့စည်းကာအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ခေတ်စနစ်နှင့်အညီ၊ ဌာနများ၏လိုအပ်ချက်နှင့်အညီ အကောင်အထည်ဖော်နိုင်ရန်အတွက် NSDS Action Plan ကိုLiving Document အနေဖြင့် ထားရှိဆောင်ရွက်လျက်ရှိပါကြောင်း။
နိုင်ငံတိုင်းတွင်စာရင်းအင်းထုတ်လုပ်သူများ၊ စာရင်းအင်းအသုံးပြုသူများနှင့်စာရင်း အင်းနှင့် ဆက်နွယ်ပတ်သက်နေသူများအားလုံးလိုက်နာ ဆောင်ရွက်ရမည့်ကျင့်ဝတ်များ ထုတ်ပြန် ထားသကဲ့သို့မြန်မာနိုင်ငံတွင်လည်း ထုတ်ပြန်နိုင်အောင် ဆောင်ရွက်နေပြီဖြစ်သည့် အတွက် ထွက်ပေါ်လာမည့် ကျင့်ဝတ်နှင့်အညီ လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
ထို့အပြင် မိမိတို့နိုင်ငံ၏အခြေအနေနှင့် လျော်ညီသည့်ဖွံ့ဖြိုးမှုလိုအပ်ချက်များ ကိုထည့် သွင်းထား သည့်မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသည့်ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း(၂၀၁၈-၂၀၃၀)(Myanmar Sustainable Development Plan- MSDP 2018-2030)ကို အတည်ပြုခဲ့ပြီး ရေးဆွဲထားသည့် မဟာဗျူဟာများနှင့် အညီလုပ်ငန်းစဉ်များကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ MSDP ကို အကောင်အထည်ဖော် ဆောင်ရာတွင် တိုးတက်မှု၊ ထိရောက်မှုများကို စောင့်ကြည့်အကဲဖြတ်နိုင်စေရန်အတွက် အမျိုးသားညွှန်ကိန်းမူဘောင် (National Indicator Framework-NIF)တစ်ရပ်ပေါ် ထွက်လာစေရေး ဝန်ကြီးဌာနများ၊ ဦးစီးဌာနများ၊ အစိုးရ မဟုတ်သည့်အဖွဲ့အစည်းများ၊ ဖွံ့ဖြိုးမှု မိတ်ဖက်များနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။
ပြည်သူတို့၏လူနေမှုဘဝကို မြှင့်တင်ပေးနိုင်ရန်၊ လက်တွေ့ကျသည့်စီမံကိန်းများတွင် မှန်ကန်သည့် စာရင်းအင်းများအသုံးပြုနိုင်ရန် လိုအပ်သည့်အတွက် အစိုးရဌာန အသီးသီး အနေဖြင့် မိမိတို့၏စာရင်းအင်းကဏ္ဍ ပိုမိုကောင်းမွန်လာရန်ဆောင်ရွက်ရာတွင် ပုဂ္ဂလိကကဏ္ဍ၊ သုတေသနအဖွဲ့အစည်းများနှင့် ပညာရှင်များ၊လူမှုအဖွဲ့အစည်းများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့ အစည်းများ သတင်းမီဒီယာများ အားလုံး ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း။
စာရင်းအင်းရလဒ်များကို ထိရောက်မှန်ကန်စွာထုတ်ပြန်နိုင်စေရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊စာရင်းအင်းဆိုင်ရာ အချက်အလက်ထုတ်ပြန်သူများနှင့် အချက်အလက် သုံးစွဲသူများအကြား ဆက်သွယ်ပေါင်းစည်းမှုများ တိုးတက်ကောင်းမွန်စေရေးချိတ်ဆက် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့်" စာရင်းအင်းကိန်းဂဏန်းများတိကျမှန်ကန်ရေး" အတွက် အချက်အလက်များကို စုစည်းခြင်း၊ ပြုစုခြင်း၊ ခွဲခြားဆန်းစစ်ခြင်း၊ အစီရင်ခံခြင်း၊ ထုတ်ပြန်ခြင်း စသည့်လုပ်ငန်းစဉ်များတွင် ထိရောက်ပြီး စွမ်းဆောင်ရည်ပြည့်ဝစွာဆောင်ရွက်ရန် လိုအပ်ပါကြောင်း။
စာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေး ပြည့်ဝရေးသည် နိုင်ငံ တစ်နိုင်ငံ၏ ပုံရိပ်ကိုဖော်ပြနိုင်ပြီးတစ်ဖက်တွင်လည်း အစိုးရနှင့်ပြည်သူများအကြား၊ နိုင်ငံတကာ အသိုင်းအဝိုင်းများအကြား ယုံကြည်မှုတိုးမြှင့်စေနိုင်ပါကြောင်း၊ စာရင်းအင်းအချက်အလက်များ သည်နိုင်ငံတစ်နိုင်ငံ၏ သမိုင်းမော်ကွန်းမှတ်တမ်းများအတွက် အခြေခံအလွန်ကျပါကြောင်း။
မိမိတို့နိုင်ငံအနေနှင့် အခြားနိုင်ငံများနည်းတူ စာရင်းအင်းနယ်ပယ်တွင် အရည်အသွေး ရှိသည့် စာရင်းအင်း များကိုရရှိရန်ဆိုလျင်စာရင်းအင်းနယ်ပယ် သည်ခေတ်စနစ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်လာရန် လိုပါကြောင်း၊ စာရင်းအင်းနယ်ပယ်ဖွံ့ဖြိုးတိုးတက်စေရေး အတွက် စစ်တမ်း များကောက်ခံရန် လိုအပ်သကဲ့သို့ဌာနဆိုင်ရာများ၏ အုပ်ချုပ်မှုမှတ်တမ်းများ ပြည့်စုံ မှန်ကန်စေရေး၊ အသေးစိတ်အချက်အလက်များ မှတ်တမ်းများတွင်ပါဝင်စေရေး သည်လည်း အရေး ပါပါကြောင်း၊ စာရင်းအင်းနှင့်ဆန်းစစ်လေ့လာမှုများ ဆောင်ရွက်တတ်ရန်၊ စာရင်းအင်း များစနစ်တကျစုစည်းရေးသွင်း မှတ်သားခြင်းကိစ္စရပ်ကိုအ ပိုအလုပ်သဖွယ်မမြင်ဘဲနိုင်ငံတော်၏ ယန္တရားချောမွေ့စွာ လည်ပတ်နိုင်ရေးအတွက် အလွန်အရေးကြီးသည်ဟု သိမြင်ပြီးစာရင်းအင်း ဆိုင်ရာ အသိပညာနှင့်အချက်အလက်များကို အသုံးပြုသည့်အလေ့အထ (Data Culture) ကိုဌာနဆိုင်ရာများမှာသာမကအများ ပြည်သူနှင့်ပုဂ္ဂလိက စီးပွားရေးအဖွဲ့အစည်းများ အကြားတွင် ပါပျံ့နှံ့စေရေးအတွက် Platformတစ်ခုဖြစ်ပေါ်လာ အောင်မြန်မာစာရင်းအင်းဖိုရမ်ကို နှစ်စဉ်ကျင်းပ ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း။
မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အတွက် အချိန်၊ငွေကြေးနှင့်လူအင်အား စသည့် အကန့်အသတ်နှင့်တည်ရှိသည့်ရင်းမြစ်များအကြား စာရင်းအင်းဆိုင်ရာ နယ်ပယ်တွင် တတ်နိုင် သမျှရင်းနှီးမြှုပ်နှံပြီး အထိရောက်ဆုံး အသုံးချနိုင်ရေးသည် အရေးကြီးပါကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဟာဗျူဟာများ၊ မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းများ အကောင် အထည်ဖော်ခြင်းနှင့် စောင့်ကြည့်အကဲဖြတ်ခြင်း တို့ကိုထိရောက်မှုရှိစေရန်အတွက် အရည် အသွေးပြည့်ဝပြီးတိကျမှန်ကန်သည့် စာရင်းအင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေး ညီလွယ်လင့်တကူရရှိအသုံးပြုနိုင်ရေးသည် များစွာအရေးကြီးပါကြောင်း၊ ထို့ကြောင့်စာရင်းအင်း ၏အရေးပါပုံကိုပြည်သူများ ပိုမိုသိရှိအောင်"စာရင်းအင်းအချက်အလက်နှင့် လူမှုအဖွဲ့ အစည်းဖွံ့ဖြိုးတိုးတက်ဖို့ စာရင်းအင်းဆိုင်ရာ အသိပညာမြှင့်တင်ကြပါစို့" ဆိုသည့်ဆောင်ပုဒ် နှင့်အညီစာရင်းအင်း အချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေးတို့ အတွက်ဗဟို ကော်မတီအဖွဲ့ဝင်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၊ လုပ်ငန်းအဖွဲ့များနှင့် Stakeholders အသီးသီးတို့ကတက်ကြွစွာပါဝင်ဆောင်ရွက်ကြရန် အလေးအနက် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
(သတင်းစဉ်)