နေပြည်တော်  ၂၉   နိုဝင်ဘာ

 

မြန်မာနိုင်ငံတစ်ဝန်းလုံးမှ အပျော်တမ်း ဆိုင်ကယ်စီးနင်းကြသူများ၊ ဆိုင်ကယ်စီးနင်းခြင်းကို နှစ်သက်ကြသူများနှင့် ရော့ခ်ဂီတကို ချစ်မြတ်နိုးသူများ တွေ့ဆုံကြသည့် 1st Naypyitaw Bike Week (2019) နှင့် The Great Empire တေးဂီတ ဖျော်ဖြေပွဲကြီးကို နေပြည်တော်ရှိ ရေပန်းဥယျာဉ်အတွင်း ယနေ့ နံနက်ပိုင်းမှ စတင်ကျင်းပလျက်ရှိသည်။

 

ပွဲစီစဉ်ကျင်းပသည့် နေပြည်တော်အခြေစိုက် The Beasts Motorcycle Club မှ ကိုဇေထက်လင်းက “နေပြည်တော်က လမ်းမကျယ်ကြီးတွေပေါ်မှာ ဆိုင်ကယ်မောင်းချင်တာက ကျွန်တော်တို့ Biker တွေရဲ့အိပ်မက်ပါ။ ဒါကြောင့်လည်း တာဝန်ရှိသူတွေ အကူ အညီနဲ့ နေပြည်တော်မှာ အခုလိုပွဲမျိုး စီစဉ်ဖြစ်တာပါ။ အခုလိုပွဲမျိုးကျင်းပလိုက်တဲ့အတွက် ခရီးသွားလုပ်ငန်းတွေ၊ ဟိုတယ်လုပ်ငန်းတွေနဲ့ စားသောက်ဆိုင်လုပ်ငန်းတွေအနေနဲ့ အကျိုးဖြစ်ထွန်းတာပေါ့။ နေပြည်တော်မှာ ပထမဆုံးအကြိမ် ကျင်းပတာ ဖြစ်တဲ့အတွက် နိုင်ငံတစ်ဝန်းလုံးက ဆိုင်ကယ်မျိုးစုံကို ဒီကပရိသတ်တွေ မြင်တွေ့ခွင့်ရမယ်။ အခြားသော စီးပွားရေးနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေလည်း အကျိုးဖြစ်ထွန်းလာမယ် ထင်တယ်။ ခရီးသွား လုပ်ငန်းတွေ တိုးတက်လာမယ်ထင်ပါတယ်။ ဒီပွဲကိုတက်ရောက်မယ့် ဆိုင်ကယ် ကလပ် တွေက တစ်ရာကျော်ရှိတယ်။ အစီးရေက သုံးထောင်နီးပါးတက်မယ်စာရင်းပေးထားတယ်။ အခုလည်း နှစ်ထောင်ကျော်ရောက်နေပြီ။ အခုပွဲကရလာတဲ့ ငွေတွေကိုလည်း ရင်ခွင်မဲ့ စောင့်ရှောက်ရေးအဖွဲ့တွေ၊ သီလရှင်ကျောင်းတွေနဲ့ နေရာသုံးနေရာမှာ သွားရောက် လှူဒါန်း သွားပါမယ်” ဟုပြောသည်။

 

ပွဲတော်ကို ယနေ့မှစတင်၍ ဒီဇင်ဘာ ၁ ရက်အထိ ၃ ရက်တိုင် နေပြည်တော် ရေပန်းဥယျာဉ်အတွင်း ပျော်ရွှင်ဖွယ်အစီအစဉ်များစွာဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပ နေခြင်းဖြစ်ပြီး ပွဲတော်တွင် မော်တော်ဆိုင်ကယ်နှင့်ပတ်သက်သည့် ပစ္စည်းများရောင်းချခြင်း၊ အမှတ်တရလက်ဆောင် ပစ္စည်းများ ရောင်းချခြင်း၊ အရသာရှိပြီး ဈေးနှုန်းချိုသာသည့် အစားအစာများရောင်းချခြင်းနှင့် ဖျော်ဖြေရေး အစီအစဉ်များကိုလည်း မနက်ပိုင်းမှ ညပိုင်းထိ ကျင်းပသွားမည်ဖြစ်သည်။

 

ပွဲတော်သို့ ပြင်ဦးလွင်မြို့မှ ပါဝင်ဆင်နွဲသည့် ဝါသနာရှင် ကိုစိုးမင်းသူက “ဆိုင်ကယ် ကိုဝါသနာပါတဲ့အတွက်  ပြင်ဦးလွင်ကနေ လာရောက်ပါဝင်ဖြစ်တာပါ။ ဆိုင်ကယ်ပွဲတွေ လုပ်တိုင်းပါဝင် ဆင်နွှဲဖြစ်ပါတယ်။ အခုလိုပွဲမျိုးဆင်နွှဲရတာ စိတ်ချမ်းသာတယ်၊ ပျော်စရာ ကောင်းတယ်။ Biker တွေအများကြီးဆုံတွေ့ရတဲ့အတွက် စည်းလုံးကြတယ်၊ ချစ်ကြည် ရင်းနှီးမှုရတယ်၊ ဆိုင်ကယ်စီးနင်းရာမှာ သပ်သပ်ရပ်ရပ်နဲ့ စည်းကမ်းနဲ့အညီ စီးကြတဲ့အတွက် မြင်တွေ့ရသူတွေအတွက် အတုယူစရာ လိုဖြစ်တာပေါ့၊ နေပြည်တော်က ပြည်သူတွေကိုလည်း အတူတူဆင်နွဲဖို့ ဖိတ်ခေါ်ပါတယ်” ဟုပြောသည်။

 

ပွဲတော်အတွင်း ကိုယ်တိုင်ပါဝင်ဆင်နွဲနိုင်မည့် Game Zone ပါရှိပြီး သီချင်းသီဆိုလိုသူများအတွက် ကာရာအိုကေစတိတ်စင်လည်း စီစဉ်ပေးထားသည်။ ထို့ပြင် ရေပန်းဥယျာဉ်အတွင်းရှိ ရေတံခွန်တွင်လည်း DJ ပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးပြီး Pool Party တွင် မည်သူမဆို ပါဝင်ဆင်နွှဲနိုင်မည်ဖြစ်သည်။ နိုင်ငံတစ်ဝန်းမှ တက်ရောက်လာကြမည့် မော်တော်ဆိုင်ကယ် ကလပ်များ၏ ပျော်ရွှင်စွာ ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲများကိုလည်း ကြည့်ရှုခံစားနိုင်မည် ဖြစ်သည်။

 

နောက်ဆုံးနေ့ဖြစ်သည့် ဒီဇင်ဘာ ၁ ရက်နေ့တွင်လည်း နာမည်ကျော် အဆိုရှင်များ ဖြစ်သည့် ဇော်ဝင်းထွဋ်၊ R ဇာနည်၊ ဝေလနှင့် သာဒီးလူ စသည့် အဆိုရှင်များက လူငယ်များအကြိုက် ရော့ခ်ဂီတများကို မြူးကြွစွာ သီဆိုဖျော်ဖြေသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

 

(သတင်း-ဟန်လင်းနိုင်၊ ဓာတ်ပုံ-အေးသန်း)