နေပြည်တော်  ၂၉   နိုဝင်ဘာ

 

နိုင်ငံတကာရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာအထူးအဖွဲ့ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက နိုင်ငံတကာရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ  ကိစ္စရပ်များနှင့် ပတ်သက်၍ ဥပဒေဆိုင်ရာ အထောက်အကူပြု လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရေးအတွက် နိုင်ငံတော်သမ္မတရုံးက နိုဝင်ဘာဝင် ၂၅ ရက်တွင် နိုင်ငံတကာရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ အထူးအဖွဲ့ကို ပြည်ထောင်စုရှေ့နေချုပ်ရုံး၊  ကာကွယ်ရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ နိုင်ငံတကာရာဇဝတ်မှုများတွင် အဓိက အားဖြင့် စစ်ရာဇဝတ်မှုများ (War Crimes)၊ လူသားမျိုးနွယ်အပေါ်ကျုးလွန်သည့် ရာဇဝတ် မှုများ (Crimes Against Humanity)၊ လူမျိုးသုဉ်းသတ်ဖြတ်မှု (Genocide)တို့ပါဝင်ကြောင်း၊ အထူးအဖွဲ့အနေဖြင့် နိုင်ငံတကာ ရာဇဝတ်ဥပဒေနှင့် သက်ဆိုင်ရာ ကွန်ဗင်းရှင်းများ၊ နိုင်ငံတကာ ရာဇဝတ်တရားစီရင်ရေးနှင့် တရားရုံးလုပ်ထုံးလုပ်နည်းများအပြင် ပြည်တွင်း ဥပဒေများကို လေ့လာ၍ တွေ့ရှိချက်များကို အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံအပေါ် နိုင်ငံတကာရာဇဝတ်မှုဥပဒေ၏ သက်ရောက်မှုများကို လည်း လေ့လာသုံးသပ် တင်ပြရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် တက်ရောက်လာကြသူများသည် နိုင်ငံတကာရာဇဝတ်မှု တရားစီရင်ရေး ဆိုင်ရာ အထူးအဖွဲ့ကဆောင်ရွက်မည့် လုပ်ငန်းတာဝန်များနှင့်လုပ်ငန်းအစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်။

 

အစည်းအဝေးသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ နိုင်ငံတော်သမ္မတရုံး၏ အကြံပေး ပုဂ္ဂိုလ်  သံအမတ်ကြီး ဦးမောင်ဝေ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြား ရေးမှူးချုပ်များ၊ အထူးအဖွဲ့မှအဖွဲ့ဝင်များနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက် ခဲ့ကြသည်။

 

(သတင်းစဉ်)