သာပေါင်း  ၃၀  နိုဝင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီတို့ ပူးပေါင်းကျင်းပသော ကလေးစာပေပွဲတော် (သာပေါင်း) ဒုတိယနေ့တွင်လည်း လာရောက်သူများ အထူးစည်ကား များပြားခဲ့ကြောင်း သိရသည်။

 

"ကျွန်မတို့ ဒီစာပေပွဲတော်ကို မနေ့ကလည်း ကလေးတွေနဲ့ လာပါတယ်၊ ဒီနေ့လည်း အရင်တာဝန်ကျခဲ့တဲ့ ကျေးရွာကျောင်းက ကလေးတွေကို လိုက်ပြီးပြဖို့ ထပ်လာဖြစ်ပါတယ်။ ဒီနေ့မိဘတွေပါ အများကြီးလိုက်လာကြလို့ ပိုပြီးစည်ကားတာကို တွေ့ရပါတယ်။ ကလေးတွေကို ပြခန်းတွေ၊ စာအုပ်အရောင်းဆိုင်တွေ၊ စကားပုံဆက်၊ အရုပ်ဆက်ပြိုင်တာတွေကို အနှံ့လိုက်ပြ ဖြစ်ပါတယ်။ သူတို့လေးတွေက ရွာကျောင်းကဆိုတော့ ဒီကိုမရောက်ဖူးကြဘူးလေ၊ အခုလိုပွဲတော်မှာ သူတို့အားလုံးပါဝင်ခွင့်ရလို့ ပျော်နေကြပါတယ်။ ဒီလိုကလေးတွေနဲ့ စာပေနီးစပ်အောင်၊ ဗဟုသုတရအောင် ဆောင်ရွက်ပေးတဲ့ ဒီကလေးစာပေပွဲတော် ဆောင်ရွက်ပေးသူတွေကို အထူးကျေးဇူးတင်ပါတယ်"ဟု သာပေါင်းမြို့နယ်မှ ဆရာမ ဒေါ်စုစန္ဒီစိုးက ဆိုပါသည်။

 

အဆိုပါ ကလေးစာပေပွဲတော်(သာပေါင်း)ကို နိုဝင်ဘာ ၂၉နှင့် ၃၀ ရက် နှစ်ရက်တာ စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ပြီး ပွဲတော်တွင် ပုံပြော၊ ကဗျာရွတ်၊ ကျပန်းစကားပြော၊ စာပေဟောပြောပွဲ၊ စာပေဆွေးနွေးပွဲ၊ စက္ကူခေါက်၊ ပန်းချီ၊ ဆေးရောင်ခြယ်၊ စကားပုံဆက်၊ အရုပ်ဆက်၊ အိမ်ဆောက်ကစားနည်းများ၊ ဂိမ်းကစားနည်းများ၊ ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများပြခန်း၊ ကလေးစာဖတ်ခန်း နှင့် စာအုပ်အရောင်းဆိုင်များအပြင် မီးသတ်၊ ကြက်‌ခြေနီ၊ ဘေးစီမံပြခန်းများ၊ World Vision နှင့် ကရုဏာမြန်မာပြခန်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးပြခန်း၊ ပညာရေးပြခန်း၊ မူးယစ်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ပြခန်းများကိုပါ ဝေဝေဆာဆာဖြင့် ထည့်သွင်းပြသခဲ့ပြီး လာရောက်သူများ စည်ကားများပြားခဲ့ကြောင်း သိရသည်။

 

သတင်း နှင့် ဓာတ်ပုံ - နေဝင်းမြင့်၊နန်းထိုက်၊မျိုးဇော်စိုး။