လွိုင်လင်
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြ်ု့၌ လူထုလမ်းလျှောက်ပွဲကို ယနေ့နံနက်(၅)နာရီက ခရိုင်အားကစားကွင်းရှေ့စုရပ်မှ ပြည်ထောင်စုလမ်းမကြီးအတိုင်း တောင်ကြီးအထွက် မြို့ဆိုင်းဘုတ်အထိ ၎င်းမှတစ်ဆင့် ခရိုင်အားကစားကွင်းအတွင်း ပြန်လည်ဝင်ရောက်ပြီး စုပေါင်းကိုယ်လက်လှုပ်ရှား အားကစားနည်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
လမ်းလျှောက်ပွဲကို ဌာနဆိုင်ရာများ၊ ပြည်သူများ၊ ကျောင်းသား ကျောင်းသူများ ပျော်ရွင်စွာ ပါဝင်ဆင်နွှဲကြကြောင်း သိရသည်။
နမ့်စန်
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ စုပေါင်းလမ်းလျှောက်ပွဲ (ပထမပတ်) ကို နိုဝင်ဘာလ ၃၀ ရက် နံနက် ၅ နာရီခွဲက မြို့လယ်ဓမ္မာရုံရှေ့မှ စတင်ကျင်းပခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးလွင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ တပျော်တပါး ပါဝင် ဆင်နွှဲလမ်းလျှောက်ခဲ့ကြသည်။
လမ်းလျှောက်ပွဲကို မြို့လယ်ဓမ္မာရုံရှေ့မှစတင်ကာ ပြည်ထောင်စုလမ်းမကြီးအတိုင်း နမ့်စန်-မိုးနဲ-မိုင်းစိတ် လမ်းဆုံအထိ စုပေါင်းလျှောက်ခဲ့ကြပြီး မြို့နယ်အားကစားရုံတွင် Myanmar Fitness Dance က၍စုပေါင်းကိုယ်လက် လေ့ကျင့်ခန်းများပြုလုပ်ခဲ့ကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)
သာယာဝတီ
သာယာဝတီခရိုင် အားကစားနှင့်ကာယပညာ ဦးစီးဌာန၏ အစီအစဉ်ဖြင့် သာယာဝတီမြို့ အ.ထ.က(၁)ကျောင်းအနီး မင်းတဲလမ်းဆုံမှစတင်၍ လူထုစုပေါင်းလမ်းလျှောက်ပွဲ (ဒုတိယ)ပတ်ကို နိုဝင်ဘာ ၃၀ ရက် နံနက် ၅ နာရီခွဲက ကျင်းပပြုလုပ်သည်။
လူထုလမ်းလျှောက်ပွဲသို့ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သူဇာအာင် ခရိုင်ဆေးရုံအုပ်ကြီးဦးသူရ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထိန်လင်းထွန်းနှင့် သာယာဝတီမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများမှဦးဆောင်လျှက် ဌာနဆိုင်ရာဝန်ထမ်းများ ကျောင်းသားကျောင်းသူမျာနှင့် ဒေသခံပြည်သူများ စုစုပေါင်း(၃၀ဝ)ကျော် ပါဝင်ဆင်နွှဲကြသည်။
အဆိုပါ စုပေါင်းလမ်းလျှောက်ပွဲကို အ.ထ.က(၁)ကျောင်းအနီး မင်းတဲလမ်းဆုံမှစတင်ကာ ရန်ကုန်-ပြည်လမ်း ရာပြည့်လမ်း ဘူတာလမ်း ဈေးလမ်း ဓမ္မာရုံလမ်း မြို့ပတ်လမ်းမှ အမှတ်(၁)ခရိုင် အားကစားကွင်း၌ ကိုယ်ကာယလေ့ကျင့်ခန်းများ စုပေါင်းပြုလုပ်ကြသည်။
စုပေါင်းလမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွှဲကြသည့် ဌာနဆိုင်ရာများ ကျောင်းသားကျောင်းသူများနှင့် ဒေသခံပြည်သူများအား ကံစမ်းမဲဖောက်ပေးခြင်းများလည်းပြုလုပ်ခဲ့ကြောင်း သိရသည်။
သန့်ဇော်(ပြန်/ဆက်)
ညောင်ရွှေ
လူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲကို နိုဝင်ဘာ ၃၀ ရက် နံနက် ၅ နာရီက ညောင်ရွှေမြို့မစျေး မီးပွိုင့်စုရပ်မှ မြို့ဝင်လမ်းအတိုင်း အသွားအပြန်စုပေါင်းလမ်းလျှောက်ခဲ့ကြောင်း သိရသည်။
စုပေါင်းလမ်းလျှောက်ပွဲတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ ခေတ္တ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား ၁၀၀၀ ကျော် ပါဝင်ဆင်နွှဲပြီးမြို့မ အားကစားကွင်းတွင် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ၊ တေးဂီတနှင့်တွဲဖက်၍ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(နေမျိုးသူရိန်)
မိုင်းပန်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့တွင် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ပြီး ပညာရည်တိုးတက်မြင့်မားစေရန် ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာအားကစားလ လူထုလမ်းလျှောက်ပွဲ ပထမပတ်ကို ယနေ့နံနက် (၅) နာရီအချိန်ကအရှေ့ရပ်ကွက်ရှိ စိန်ပန်းပြာလ္ဘက်ရည်ဆိုင်ရှေ့မှ စတင်ကာ မိုင်းပန်-လင်းခေးလမ်းမကြီး တစ်လျှောက်မှ မဟာတေဇာဓိပတိစေတီတော်အထိ ထိုမှတစ်ဆင့် မြို့တွင်းသို့စုပေါင်း လမ်းလျှောက်ခဲ့ကြသည်။
မဟာတေဇာဓိပတိ စေတီတော် အရောက်တွင် ခေတ္တနား၍ ကိုယ်ကာယလေ့ကျင့်ခန်းအတွဲ(၁) နှင့် (၂) တို့အား ကျောင်းသားကျောင်းသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါလမ်းလျှောက်ပွဲသို့ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးထွန်းနှင့် မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဒေသခံပြည်သူများ၊ ဝန်ထမ်းများ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ စုပေါင်း၍အတူတကွပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
ကိုဆန်း (မိုင်းပန်)
ရွှေကျင်
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြိူ့နယ်တွင် လူထုအားကစား လှုပ်ရှားမှု(ဒုတိယပတ်)အဖြစ် စုပေါင်းလမ်းလျှောက်ပွဲကို နိုဝင်ဘာ ၃၀ ရက် နံနက် ၅ နာရီခွဲက ကျင်းပသည်။
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် လူထုအားကစားလှုပ်ရှားမှု အဖြစ်စုပေါင်း လမ်းလျှောက်ပွဲကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဌာနဆိုင်ရာများလူမှုရေး အသင်းအဖွဲ့များ ဆရာ/ဆရာမများ ကျာင်းသားကျောင်းသူများနှင့်ပြည်သူလူထု ပါဝင်သော စုစုပေါင်းအင်အား(၁၆၀ဝ)ကျော်တို့သည် ညဈေးလမ်းဆုံ မီးပွိုင့်မှစတင်ထွက်ခွာ၍ မြို့မဘောလုံးအားကစားကွင်း အထိစုပေါင်းကာမြို့ပတ် လမ်းလျှောက်ခဲ့ကြပြီး အဆိုပါဘောလုံးကွင်းအတွင်း၌ ကိုယ်ကာယလေ့ကျင့်ခန်း အတွဲ(၁)(၂) များကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)
မိုင်းရှူး
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် အမျိုးသားအားကစား လှုပ်ရှားမှုကို စိတ်ပါဝင်စားစွာ ပါဝင်ဆောင်ရွက်နိုင်ရန်၊ လူငယ် မောင်မယ်များ ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံ ဖွံ့ဖြိုးတိုးတက် လာစေရန် ရည်ရွယ်၍ လူထုစုပေါင်း လမ်းလျှောက်ပွဲ(ပထမပတ်)ကို ယနေ့နံနက် ၅ နာရီခွဲက မိုင်းရှူးမြို့တွင်ကျင်းပရာ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ ကျောင်းသားကျောင်းသူများ စုစုပေါင်းအင်အား ၇၀ဝ ခန့် ပါဝင်ဆင်နွှဲကြကြောင်း သိရသည်။
ရှေးဦးစွာ လူထုလမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွှဲကြသော မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်အောင်ဆန်းနှင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ကျောင်းသားကျောင်းသူများက မိုင်းရှူးမြို့၊ပတ္တမြားခန်းမရှေ့၌ စုရပ်ကာဗိုလ်ချုပ်လမ်းမကြီးအတိုင်းစုပေါင်း လမ်းလျှောက်ကြပြီး နားစံ အားကစားကွင်း၌ ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းအတွဲ (၁)၊(၂)တို့ကို တပျော်တပါး စုပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်