ကျောင်းကုန်း  ၃၀  နိုဝင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကောက်ကြီးကုန်းအုပ်စု၊ ကောက်ကြီးကုန်း ကျေးရွာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ အဆင့်မြင့်လယ်ယာ‌မြေ ဖော်ထုတ်ထားသော တောင်သူများအား ကွန်ပေါင်းဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီအချိန် ကျင်းပခဲ့သည်။

 

ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထင်ကျော်ဦး က ကျောင်းကုန်းမြို့ဟာ စိုက်ပျိုးထုတ်လုပ်မှု အကောင်းဆုံးမြို့ ဖြစ်နေကြောင်း၊ ယခုစနစ်တကျဖော်ထုတ်ထားသော အဆင့်မြင့် စံပြလယ်ဧက (၁၅၀) မှာစပါးဆို အားလုံးစပါးစိုက်ပြီး၊ပဲဆို အားလုံး ပဲ စိုက်ရမှာဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်း က စိုက်ပျိုးရေးဦးစီးဌာနက ညွှန်ကြားချက်ကို လိုက်နာပြီး၊စနစ်တကျ စိုက်ပျိုးကြမည်ဆိုလျင် အထွက်တိုးလာမှာ ဖြစ်ကြောင်းပြောကြားခဲ့သည်။

 

မဲဆန္ဒနယ်အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဇော် က အဆင့်မြင့် စံပြလယ်ဧက တောင်သူတွေဟာ သူများတွေထက် ခေါင်းတစ်လုံး ပိုမြင့်နေဖို့ လိုကြောင်း ပြေကြားခဲ့ပြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်း က စံပြအနေနဲ့ တောင်သူအကျိုး အတွက် လုပ်ပေးနေတာဖြစ်လို့ စည်းစည်းလုံးလုံး လုပ်ကြဖို့၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဟာ ဒွန်တွဲနေကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် မုတ်သုန်ကျေးလက်ဖွံ့ဖြိုးရေးစင်တာ မှဒေါက်တာသောင်းထွန်း က အဆင့်မြင့် လယ်ယာဖော်ထုတ်ခြင်းဟာ စိုက်ပျိုးရေး အထွက်တိုးစေရန်ရည်ရွယ်ကြောင်း၊ လယ်သမားတွေကို ဗဟိုပြုတဲ့ စိုက်ပျိုးရေးဖြစ်လာအောင် ဆောင်ရွက်နေကြောင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ ပေးအပ်သည့် ကွန်ပေါင်းဓာတ်မြေဩဇာကို တောင်သူများအား ပေးအပ်ခဲ့ကြသည်။

 

အဆိုပါ စနစ်တကျဖော်ထုတ်ထားသည့် အဆင့်မြင့်လယ်ဧက(၁၅၀)ကို တောင်သူ(၂၅)ဦးက စိုက်ပျိုးလျက်ရှိပြီး၊ တစ်ဧကလျင် ကွန်ပေါင်းဓာတ်မြေဩဇာတစ်အိတ်နှုန်းဖြင့် ပေးအပ်သွားမည် ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။

 

ဝင်းကြိုင်(ပြန်/ဆက်)