mdn

နေပြည်တော် ၃၀ နိုဝင်ဘာ

 

ကျောင်းသားကျောင်းသူများ သင်္ချာဘာသာရပ်နှင့် ပတ်သက်၍ စိတ်ပါဝင်စားမှု ပိုမိုရရှိစေရန်နှင့် စွမ်းရည်တိုးတက်စေရန် ရည်ရွယ်၍ Nay Pyi Taw Mathas Olympiad (NMO) သင်္ချာဉာဏ်စမ်းပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ Nay Pyi Taw International Science Academy ကျောင်း၌ ကျင်းပသည်။

 

အဆိုပါဉာဏ်စမ်းပြိုင်ပွဲတွင် နေပြည်တော်နှင့် ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)ရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်စာသင်ကျောင်းများနှင့် နိုင်ငံတကာကျောင်းများမှ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသားကျောင်းသူ (၃၉၁)ဦး ပါဝင်ယှဉ်ပြိုင်ကြခြင်းဖြစ်ပြီး ကျောင်းသား ကျောင်းသူများအတွက် အခွင့်အရေးများ၊ စိတ်ခေါ်မှုများရှိသည့် ပြိုင်ပွဲတစ်ခုဖြစ်ကြောင်း Nay Pyi Taw International Science Academy ကျောင်းမှ Marketing Manager ဒေါ်ယဉ်ယဉ်တင့်က ပြောသည်။

 

ထို့ပြင် သင်္ချာဉာဏ်စမ်း မေးခွန်းများကို ပညာရေးဝန်ကြီးဌာန၏ သင်ရိုးညွှန်းတမ်းပါ သင်ခန်းစာများကိုအခြေခံ၍ BFI Education Service, Co., Ltd မှ သင်္ချာစိစစ်ရေးဌာန(ရန်ကုန်)က ထုတ်ပြန်ခြင်းဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်သည့် ကျောင်းသားကျောင်းသူများအနေဖြင့် မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ရွေးချယ်ဖြေဆိုနိုင်ကြောင်း ၎င်းကပြောသည်။

 

ဖြေဆိုမှုပုံစံအဆင့်ဆင့်နှင့် ပတ်သက်၍ “ပြိုင်ပွဲမှာ Grade-4 ကနေ Grade-7 အထိပါဝင်ပြီး Grade အလိုက် သက်ဆိုင်ရာမေးခွန်းတွေကို ဖြေဆိုကြရပါမယ်။ Grade တစ်ခုချင်းစီမှာ ဖြေဆိုကြသူတွေထဲက ကျောင်းသားကျောင်းသူဦးရေ (၃၀)ကို ပထမအဆင့် အောင်မြင်သူတွေအဖြစ် ရွေးချယ်သွားမှာဖြစ်ပြီး လာမယ့်နှစ် ဇန်နဝါရီ ၁၁ ရက်မှာ ဒုတိယအဆင့်ကို ယှဉ်ပြိုင်ကြရမှာဖြစ်ပါတယ်” ဟု ဒေါ်ယဉ်ယဉ်တင့်က ပြောသည်။

 

ဒုတိယအဆင့်ဖြေဆိုပြီးနောက် အမှတ်အများဆုံးရရှိသည့် ကျောင်းသားကျောင်းသူ (၁၀)ဦးကို ရွေးချယ်၍ ပထမ၊ ဒုတိယ၊ တတိယဆုနှင့် အခြားဆုများ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

 

Nay Pyi Taw Mathas Olympiad (NMO) သင်္ချာဉာဏ်စမ်းပြိုင်ပွဲကို ပထမဆုံးအကြိမ်အဖြစ် Nay Pyi Taw International Science Academy ကျောင်းက ဦးစီးကျင်းပခြင်းဖြစ်ပြီး အသက် ၈ နှစ်မှ အသက် ၁၅ နှစ်အထိ ကျောင်းသားကျောင်းသူများ ပါဝင်ယှဉ်ပြိုင်နိုင်သည့် Mathemania ပြိုင်ပွဲကိုလည်း ကျင်းပပေးလျက်ရှိကြောင်း သိရသည်။   

 

သတင်း-မျိုးသူဟိန်း၊ ဓာတ်ပုံ-ကျော်ထွန်း