mdn

နေပြည်တော် ၃၀ နိုဝင်ဘာ

 

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့်  ရှမ်းပြည်နယ် (အရှေ့ပိုင်း)ရှိ လမ်း၊ တံတား၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ဝန်ထမ်းများ တွေ့ဆုံပွဲကို ယနေ့မွန်းလွဲ နာရီတွင် ကျိုင်းတုံမြို့၊ လမ်းဦးစီးဌာန၊ ပြည်နယ် ညွှန်ကြားရေးမှူးရုံး၌ ပြုလုပ်သည်။

 

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က လုပ်ငန်းများဆောင်ရွက်ရာတွင် တင်ဒါစည်းမျဉ်း၊ စည်းကမ်းနှင့်အညီ ဆောင်ရွက်ရန်လိုပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် အဂတိတရားကင်းရှင်းရေး အထူးလိုက်နာဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးနှင့် လမ်းပန်းဆက်သွယ်ရေး ကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေးအတွက် လမ်း၊ တံတားများ တိုးတက်ကောင်းမွန်ရေးနှင့် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အရည်အသွေး စံချိန်စံညွှန်းပြည့်မီရန်နှင့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး အထူးအလေးထား ဆောင်ရွက်ရန် လိုပါကြောင်း။

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ လမ်းတံတားများ တိုးတက်ကောင်းမွန်လာသည်ကို  တွေ့ရှိရပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတာဝန်ယူဆောင်ရွက်သည့်လုပ်ငန်းများ တိုးတက်ကောင်းမွန်အောင် ကြိုးစားဆောင်ရွက်ရန် မှာကြားလိုပါကြောင်း၊ မိမိတို့၏ အခက်အခဲများကိုလည်း ပွင့်ပွင့်လင်းလင်း တင်ပြနိုင်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး (မြို့ပြ)ဦးသူရဇော်က လမ်း၊ တံတား၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ဘဏ္ဍာရေးနှစ်အလိုက် လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍  ရှင်းလင်းတင်ပြသည်။

 

ထို့နောက် လမ်းဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအုန်းလွင်က လမ်းဦးစီးဌာန၏ မူဝါဒများနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လည်းကောင်း၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဉီးက ကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၏မူဝါဒများ ရည်မှန်းချက်များနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားကြသည်။

 

ယင်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။

 

သတင်းစဉ်