နေပြည်တော် ၁ ဒီဇင်ဘာ
ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် စာရင်းအင်းအချက်အလက် တိကျမှန်ကန်ရေးသည် အလွန်အရေးပါသောကိစ္စဖြစ်သည်။ အထူးသဖြင့် ရုန်းကန်အားယူနေရသော မဖွံ့ဖြိုးသေးသော နိုင်ငံများ ပြန်လည်ဖွံ့ဖြိုးတိုးတက် လာရေးတွင် တိကျမှန်ကန်ခိုင်မာသော စာရင်းအင်းအချက် အလက်များဖြင့် ရေရာသေချာ သောလုပ်ငန်းများကိုပြုပြင် ပြောင်းလဲလုပ်ကိုင်မှသာ ခရီးရောက် မည်ဖြစ်သည်။
အချက်အလက်မှန်ကန်ရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိစ္စများတွင် သာမက လုပ်ငန်းကဏ္ဍ နယ်ပယ်အသီးသီး ရှေ့သို့တက်လှမ်းနိုင်ရေး အတွက် အရေးပါသောကိစ္စဖြစ်သည်။ ယင်းနှင့်စပ်လျဉ်း၍ "လူမှုအဖွဲ့ အစည်းဖွံ့ဖြိုး တိုးတက်ဖို့ စာရင်းအင်းဆိုင်ရာအသိပညာမြှင့်တင်စို့" ဆောင်ပုဒ်ဖြင့် ကျင်းပခဲ့သော မြန်မာစာရင်းအင်းဖိုရမ် (၂၀၁၉)ဖွင့်ပွဲတွင် ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ၏ ပြောကြားချက်ကို မှတ်သားရပါသည်။
စာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး သည် နိုင်ငံတစ်နိုင်ငံ၏ပုံရိပ် ကိုဖော်ပြနိုင်ပြီး တစ်ဖက်တွင်လည်း အစိုးရနှင့် ပြည်သူများအကြား၊ နိုင်ငံတကာအသိုင်းအဝိုင်း များအကြား ယုံကြည်မှု တိုးမြှင့်စေနိုင်ပါကြောင်း၊ စာရင်းအင်းအချက်အလက်များသည် နိုင်ငံတစ်နိုင်ငံ၏ သမိုင်းမော်ကွန်း မှတ်တမ်း များအတွက် အခြေခံ အလွန် ကျပါကြောင်း သိရှိရသည်။ မှန်ကန်သောစာရင်းအင်းအချက် အလက်များ သည် အစိုးရနှင့် ပြည်သူ၊ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် နိုင်ငံသမိုင်းမှတ် တမ်းများအတွက် အရေးပါသော အချက်အလက်များ ဖြစ်သည်။
စာရင်းအင်းအချက်အလက်သည် မျက်မှောက်ကာလ ဖွံ့ဖြိုးတိုးတက်မှု နယ်ပယ်အတွက် အထောက် အကူပြုလျက်ရှိသလိုအစိုးရ၊ ပြည်သူ၊ နိုင်ငံတကာ အသိုင်းအဝိုင်းကြားတွင် ယုံကြည်မှုတည်ဆောက် ရာ၌ အထူးလိုအပ်သည်။ နိုင်ငံသမိုင်းများရေးထိုးရာ၌ တိကျခိုင်မာသော မှတ်တမ်းများဖြင့် မော်ကွန်း တင်နိုင်ပြီး အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် အတွက် သမိုင်းသင်ခန်းစာများနှင့် လုပ်နည်းလုပ်ဟန် အသစ်များ ဖော်ထုတ်နိုင်သည်။ ထို့ကြောင့် ကုလသမဂ္ဂ စာရင်းအင်းကော်မရှင်က ကမ္ဘာ့စာရင်းအင်း နေ့အဖြစ်သတ်မှတ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးတွင် ငါးနှစ်တစ်ကြိမ်စာရင်းအင်းဖိုရမ်များ ကျင်းပလျက်ရှိသည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၌ အခြေခံဖြစ်သည့် စာရင်းအင်းအချက်အလက် များသည် ရှေ့နောက် ညီညွတ်မှု ရှိရန်လိုအပ်သည်။ ရှေ့နောက်ညီညွတ် စေရေး၌ မြေပြင်အချက်အလက်များနှင့် စာရင်း ဇယားများကိုက်ညီမှု ရှိစေရေး ဖြစ်ပြီး စာရင်းအင်းများအချိန်မီပေါ်ထွက်ရေးနှင့် ယုံကြည်ကိုးကားနိုင်သည့် ခိုင်မာသော စာရင်းအင်း အချက်အလက် များဖြစ်ဖို့ လိုအပ် သည်။ အထူးသဖြင့် နိုင်ငံတော်၏ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေ များကို ထင်ဟပ်ဖော်ထုတ်နိုင် သည့် လက်တွေ့ကျသောအချက်အလက်များ ဖြစ်ရန်လည်း လိုအပ်သည်။
စာရင်းအင်းဆိုသည်ကို ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်တစ်မျိုးသာ မမှတ်ယူသင့်ဘဲ နယ်ပယ် ကဏ္ဍများ အားလုံးအတွက် စဉ်ဆက်မပြတ် မှတ်တမ်းတင်ထားသော အချက်အလက်များ ဖြစ်သင့်သည်။ မြန်မာနိုင်ငံ ၏ အနေအထားတွင် ဘဏ္ဍာရေးဆိုင်ရာစာရင်းအင်းများ၌ တိကျခိုင်မာစွာ ရေးဆွဲလေ့ရှိပြီး အခြားနယ်ပယ်ကဏ္ဍများတွင်မူ ခန့်မှန်းခြေစာရင်းအင်း အချက်အလက်များ ဖြစ်နေသည်ကို တွေ့ရသည်။ နယ်ပယ်ကဏ္ဍတိုင်း တွင် တိကျခိုင်မာ မှန်ကန်သော အချက်အလက် များ တည်ဆောက်ထား နိုင်ခြင်း မရှိသောအခါ အကြောင်းကိစ္စပေါ်ပေါက်သောအခါ သေချာရေရာ စွာ ရှင်းလင်းထုတ်ဖော်နိုင်ခြင်းမရှိသည်ကိုတွေ့ရသည်။
ယခုအခါ အထူးဦးစားပေးလုပ်ငန်းဖြစ်သည့်ဖွံ့ဖြိုးတိုးတက်မှုကိုအကောင် အထည်ဖော်ရာတွင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဖွံ့ဖြိုးတိုး တက်မှု စီမံကိန်းနှင့်အညီ လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိသည်။ အကောင်အထည်ဖော်ရာ၌ တိုးတက်မှု၊ ထိရောက်မှု များ ကိုစောင့်ကြည့် အကဲဖြတ်နိုင်ရန်အတွက် အမျိုးသား အညွှန်းကိန်း မူဘောင်တစ်ရပ် ပေါ်ထွက် လာစေရန် ဝန်ကြီးဌာနများ၊ ဦးစီးဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့ အစည်း များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အတွက် နိုင်ငံကိုပြုပြင် ပြောင်းလဲပြီး ဖွံ့ဖြိုးတိုးတက် အောင်တည်ဆောက်ရာတွင် နယ်ပယ်ကဏ္ဍ အသီးသီး၏ရည်မှန်းချက်များ ထိရောက်စွာ ရှေ့သို့တက်လှမ်းဆောင် ရွက် နိုင်ရန် အတွက် မှန်ကန်တိကျခိုင်မာသော စာရင်းအင်း အချက်အလက် များကို သက်ဆိုင်ရာကဏ္ဍအလိုက်၊ အဖွဲ့အစည်းအလိုက် ရေးဆွဲပြုစု သမိုင်းမှတ် တမ်း ရေးထိုးထားရမည်ဖြစ်ပါကြောင်း။ ။
ကြေးမုံ