mdn

နေပြည်တော် ၁ ဒီဇင်ဘာ

 

သဘာဝပတ်ဝန်းကျင်နှင့်သယံဇာတများကို အခြေပြု၍ ရပ်ရွာ အခြေပြု ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းဆောင်ရွက်ပေး ကြရန် တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာ စီမံ ခန့်ခွဲမှုနှင့် ဝန်ဆောင်မှု ရေး ရာကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ကချင်ပြည်နယ် စီးပွားရေးနှီးနှောဖလှယ်ပွဲတွင် တိုက်တွန်းခဲ့သည်ကို မကြာ သေးသည့် ရက်သတ္တပတ်များ အတွင်းက သတင်းများတွင် ဖတ်ရှုခဲ့ရသည်။

 

ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း၏ အဓိပ္ပာယ်ကို ဖွင့်ဆိုရာတွင် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ရေရှည်တည်တံ့ရေး၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာတန်ဖိုး၊ အမွေအနှစ်နှင့် သဘာဝအရင်းအမြစ် များအား အကာအကွယ်ပေးခြင်း စသည်တို့ကို ကူညီဆောင်ရွက်ပေးခြင်း ဖြင့် ဒေသခံများ၏ လူနေမှုဘဝ သာယာ ဝပြောရေးကို အကျိုးပြုနိုင်ပြီး ရပ်ရွာအဆင့်တွင် တည်ထောင် ထားရှိသော၊ ဒေသခံများပိုင်ဆိုင်သော၊ ကိုယ်တိုင်လည်ပတ်၊ စီမံ၊ ဆွေးနွေးပါဝင်နိုင်သည့် ခရီးသွား လုပ်ငန်းကို ဆိုလိုခြင်းဖြစ်သည် ဟု အာဆီယံနိုင်ငံများအကြား အဓိပ္ပာယ်သတ်မှတ် ထားသည်။

 

ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်းများကို အကောင်အထည် ဖော်ရာတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဒေသခံတို့၏ လူနေမှုဘဝ ဓလေ့ထုံးစံများ၊ သက်မွေးဝမ်းကျောင်းလုပ်ငန်းများကို မပျောက်မပျက်အောင် ထိန်းသိမ်းခြင်း၊ မြှင့်တင်ပေးခြင်းအားဖြင့် ဒေသခံများ၏လူနေမှုဘဝများ မြင့်မားလာပြီး အလုပ်အကိုင်အခွင့် အလမ်း ပိုမိုရရှိလာသည့်အတွက် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို လည်းအထောက်အကူပြုနိုင်သည်။ လုပ်ငန်း၏ သဘောသဘာဝအရ ရပ်ရွာလူထုကိုယ်တိုင် စီမံခန့်ခွဲ ပါဝင်ဆောင်ရွက်ကြရသည့်အတွက် ကျွမ်းကျင်မှု၊ အတတ်ပညာ၊ နည်းပညာများလည်း မဖြစ်မနေ ဒေသ တွင်းသို့ စီးဝင်လာရမည်သာဖြစ်သည်။

 

မြန်မာနိုင်ငံသည် ထူးခြားသည့် သဘာဝပတ်ဝန်းကျင်များ၊ တိုင်းရင်းသား များနှင့် ဒေသခံပြည်သူ များ၏ ထူးခြားသည့် ယဉ်ကျေးမှုများအရ ရပ်ရွာ လူထုအခြေပြု ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးရန် အလားအလာကောင်းများစွာ ပိုင်ဆိုင်ထားသည့်နိုင်ငံ ဖြစ်သည်။ ၂၀၁၇ ခုနှစ်က ကယားပြည် နယ် ဒီးမော့ဆိုမြို့နယ် အတွင်းရှိ တနီးလာလဲနှင့် ပန်ပက်ခရီးစဉ်က အာဆီယံ ရပ်ရွာလူထု အခြေပြု ခရီးသွားလုပ်ငန်းဆုကို ရရှိခဲ့ရာ မြန်မာ နိုင်ငံအတွင်းရှိ အခြားဒေသအသီးသီးတို့တွင် ရပ်ရွာလူထု အခြေပြု ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာရေး ရေခံမြေခံကောင်းများ ရှိသည့်ဒေသများ တွင် တည်ထောင် သွားရန် သာဓကကောင်းကို ပြသနိုင်ခဲ့ခြင်း ပင်ဖြစ် သည်။ ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ် ငန်းသည် ဒေသခံပြည်သူများ အတွက် တိုက်ရိုက်အကျိုးဖြစ်ထွန်း စေသည့်အပြင် အခြားသော ဆက် စပ်စီးပွားရေးလုပ်ငန်းများ တည်ထောင်လုပ်ကိုင်ရန် အခွင့်အလမ်းသစ် များ လည်း ပေါ်ထွန်း လာနိုင်မည်ဖြစ်သည်။

 

ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်းများ ဖြစ်ထွန်းရေးအတွက် အဓိကအကျဆုံး အခြေခံလိုအပ် ချက်မှာ ရပ်ရွာတည်ငြိမ်အေးချမ်း ရေးပင်ဖြစ်သည်။ ငြိမ်းချမ်းမှ၊ တည်ငြိမ်အေးချမ်းမှ၊ တရားဥပဒေ စိုးမိုးမှသာလျှင် ရေရှည်တည်တံ့ဖွံ့ ဖြိုးသည့် ခရီးသွားလုပ်ငန်းကို တည်ထောင်လုပ်ကိုင်နိုင် မည်ဖြစ် သည်။ အခြားလိုအပ်ချက်များမှာ ရိုးရာဓလေ့ယဉ်ကျေးမှုများကို ထိန်းသိမ်းရန်နှင့် မြှင့်တင်ရန်၊ သဘာဝ ပတ်ဝန်းကျင်သာယာလှပရေးကို ထိန်းသိမ်းရန်ဖြစ်သည်။ မြန်မာ နိုင်ငံအတွင်းရှိ ခရီးသွား ဧည့်သည် အရောက်အပေါက်များသည့် နေရာဒေသတိုင်းတွင် အဓိကတွေ့ရသည့် ပြဿနာမှာ အမှိုက် စွန့်ပစ်မှုနှင့် သန့်စင်ခန်းများ အားနည်းမှုဖြစ်သည်။ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတိုင်းတွင်အမှိုက်နှင့်သန့်စင်ခန်းများကို နိုင်နင်းစွာကိုင်တွယ်ဖြေရှင်းထားနိုင်သည့်အပြင် ဒေသခံ ပြည်သူ များရော ဧည့်သည်များပါ စည်းကမ်းတကျ အမှိုက်ပစ်ခြင်း၊ သန့်စင်ခန်းကို စနစ်တကျ သုံးစွဲခြင်းတို့ ပြုကြသည်ကို တွေ့ရသည်။

 

ခရီးသွားလုပ်ငန်းသည် ဝန်ဆောင်မှုပေးသည့်လုပ်ငန်းဖြစ်သည့် အလျောက် သဘာဝပတ်ဝန်းကျင်၊ ရိုးရာယဉ်ကျေးမှုများ၊ ထူးခြား သည့် လူမှုဘဝဟန်ပန်များ စသည့် မိမိတို့ဒေသ၏ရှိပြီးအရင်းအမြစ် များကို အခြေပြုကာ ခရီးသွားဧည့်သည်တို့ကို ဆွဲဆောင်နိုင်ရန် စီမံခန့်ခွဲမှု ကောင်းကောင်း၊ စိတ်ကူးအကြံဉာဏ်ကောင်းကောင်း၊ဧည့်ဝတ်ကျေပွန်မှု ကောင်းကောင်းတို့ဖြင့် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းတို့ကို ထူထောင်လုပ်ကိုင်နိုင်ကြပါစေကြောင်း။ ။

 

မြန်မာ့အလင်း