မြိတ် ၁ ဒီဇင်ဘာ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်မှ ၂၄ ရက်အထိ ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူမည့် စာရင်းကောက်များအား ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း စာရင်းစစ်/စာရင်းကောက်သင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

“သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ်တွင်ကောက်ယူခဲ့ပြီးဖြစ်ကာ ယခုအခါ ပြောင်းလဲမှု (၁၀)နှစ်တာကာလ ၂၀၂၄ ခုနှစ် မကောက်မီ နေ့စဉ်နှင့်အမျှ တိုးတက်ပြောင်းလဲနေတဲ့ လက်ရှိအနာဂတ်လူဦးရေ၊ စီးပွားရေး၊ လူဦးရေစာရင်းအချက်အလက်ကို အချိန်နှင့်တစ်ပြေးညီ အနီးစပ်ဆုံး မှန်ကန်စွာ ခန့်မှန်းနိုင်ဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ် ကြားကာလ (၁၀)နှစ်ကွာဟတဲ့အတွက်  စာရင်းလိုအပ်ချက်ဖြည့်ဆည်းနိုင်ဖို့ ကြားကာလဖြစ်တဲ့ ၂၀၁၉ ခုနှစ်မှာ ကြာဖြတ်သန်းခေါင်စာရင်း ကောက်ယူဖို့ ဒီသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါတယ်” ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးတင်ဇော်ဝင်းက ပြောသည်။

သင်တန်းတွင် လူဦးရေဆိုင်ရာ အချက်အလက်များ၊ ပြည်တွင်းပြောင်းရွှေ့သွားလာခြင်း၊ ပညာရေး၊ လုပ်သားအင်အား၊ ကလေးမွေးဖွားမှု၊ မသန်စွမ်းမှု၊ သက်ကြီးရွယ်အို၊ ပါ၀င်လှုပ်ရှားမှု အထောက်အပံ့ရရှိရေးနှင့် ဘဝပျော်ရွှင်မှု၊ ပြည်ပပြောင်းရွှေ့သွားလာခြင်း၊ အိမ်၊ ရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး၊ သေဆုံးမှုနှင့် ကိုယ်ဝန်ဆောင်မိခင်သေဆုံးမှု စသော အခန်း(၁၂)ခန်းပါ အကြောင်းအရာ မေးခွန်းအမှတ်စဉ် (၁၁၀)တို့ကို သင်တန်းနည်းပြ(၅)ဦးမှ သင်တန်းသား(၃၇)ဦးအား နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၇ ရက်အထိ  မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရာတွင် သေသေချာချာ မေးမြန်းနိုင်အောင် စာတွေ့လက်တွေ့ သင်ကြားသွားမည်ဖြစ်ကြောင်း သင်တန်းမှူး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြိတ်ခရိုင်ဦးစီး ဌာနမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းဝေထံမှ သိရသည်။

သင်တန်းတက်ရောက်လျက်ရှိသော စာရင်းကောက်တစ်ဦးမှ ကောက်ကွက်တစ်ခုတွင် အိမ်ထောင်စု ပေါင်း(၁၅၀)ရှိပြီး ၎င်းကောက်ကွက်ထဲမှ ရွေးချယ်ထားသည့် အိမ်ထောင်စု(၃၅)စုကို ကောက်ယူရမည်ဖြစ်ကြောင်း၊ စာရင်းကောက်သင်တန်းသားတစ်ဦးက ၎င်းတို့တာဝန်ကျသည့်နေရာတွင် အိမ်ထောင်စု(၇၀) ပြည့်မီအောင် ကောက်ယူပေးရမှာဖြစ်ကြောင်း၊ မြိတ်ခရိုင်တွင် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း ကောက်ကွက်ပေါင်း(၆၀)ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြိတ်ခရိုင် ဦးစီးဌာနမှူးရုံးမှ သိရသည်။

ခိုင်ထူး (မြိတ် ပြန်/ဆက်)