မြိတ် ဒီဇင်ဘာ ၁

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်ဖြင့် တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်မှ နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်းက Grand Jade ဟိုတယ် အစည်းအဝေးခန်းမတွင် တရားရုံးစစ်တမ်း ကောက်ယူခြင်းနှင့် မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် ဒေသဆိုင်ရာ ဆရာဖြစ်သင်တန်းကို ဖွင့်လှစ်ခဲ့သည်။

သင်တန်းကို မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် မစတင်မီ အခြေခံမျဉ်းများ ကောက်တတ်စေရန် လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ပြီး ရလဒ်များတိုးတက်မှုများကို တိုင်းတာသည့်အခါ ဆောင်ရွက်နိုင်စေရန်နှင့် မှုခင်းစီမံခန့် ခွဲမှုအစီအစဉ် ကျင့်သုံးမည့်တရားရုံးမှ တရားသူကြီးများ၊ တရားရုံးဝန်ထမ်းများက လက်တွေ့ဆောင်ရွက်သည့် နေရာတွင် စနစ်တကျဆောင်ရွက်နိုင်စေရန် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခြင်းဖြစ်သည်။

သင်တန်းကို တိုင်းဒေသကြီး တရားလွှတ်တော် တရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက အမှာစကား ပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပြီး သင်ခန်းစာစတင်ပို့ချခဲ့သည်။ တရားရုံးစစ်တမ်းကောက်ယူခြင်းနှင့် မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် သင်တန်းနှစ်ပိုင်းတွင် သင်တန်းတစ်မျိုးကို သင်တန်းကာလ(၂)ရက်ဖြင့် စုစုပေါင်းသင်တန်းကာလ (၄)ရက် ကြာမြင့်မည်ဖြစ်ကြောင်း၊ သင်တန်းကို မြိတ်ခရိုင်တရားရုံးနှင့် ခရိုင်အတွင်းရှိ မြို့နယ်များမှ တရားရေးအရာရှိများနှင့် တရားရုံးဝန်ထမ်း စုစုပေါင်း(၃၅)ဦး တက်ရောက်ခဲ့ကြရာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ  ဒုတိယညွှန်ကြားရေးမှူး ဦးမိုးကျော်ပါ သင်တန်းနည်းပြ (၃)ဦးမှ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည် ဖြစ်ကြောင်း  သင်တန်းကြီးကြပ်ရေးအဖွဲ့မှ သိရသည်။

သင်တန်းတွင် ပြီးပြတ်သွားသောအမှုများ စစ်တမ်းကောက်ယူခြင်းလုပ်ငန်းစဉ်၊ တရားရုံးအသုံးပြုသူများ စစ်တမ်းကောက်ယူရန် ပြင်ဆင်ရမည့်လုပ်ငန်းစဉ်၊ စစ်တမ်းမေးခွန်းလွှာနှင့် ကောက်ယူခြင်းလုပ်ငန်း၊ စစ်ဆေးဆဲအမှုများအား စစ်တမ်းကောက်ယူနိုင်သော နည်းလမ်းများ၊ စစ်တမ်းကောက်ယူရာတွင် အသုံးပြုရမည့်ပုံစံ၊ မှုခင်းစီမံခန့်ခွဲခြင်း (ရာဇဝတ်မှုများ၊ တရားမမှုများ)၊ မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်၏ အရေးကြီးသော အခန်းကဏ္ဍများ စသည့် ဘာသာရပ်များကို နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၃ ရက်အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သင်တန်းကြီးကြပ်ရေးအဖွဲ့မှ သိရသည်။

ခိုင်ထူး (မြိတ် ပြန်/ဆက်)

 

တန