မုံရွာ ၁ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးပြီး စက်ဘီးစီးအားကစားနည်းကို ပြည်သူလူထုတစ်ရပ်လုံး စိတ်ပါဝင်စားလာစေရန်၊ စက်ဘီးစီးခြင်းဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်လာစေရန်နှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ လူငယ်လူရွယ်ထုအတွင်း မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ စက်သုံးဆီသုံးစွဲမှုလျော့ချရေးတို့ကို ရည်ရွယ်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မုံရွာမြို့ စက်ဘီးစီးအဖွဲ့တို့က ကြီးမှူးကာ ကျင်းပသည့် (၈)ကြိမ်မြောက် လူထုစုပေါင်းစက်ဘီးစီးနင်းပွဲကို ယနေ့ နံနက် ၆ နာရီ ၁၅ မိနစ်က (မုံရွာ-မန္တလေး) ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ် မုံရွာမြို့ ပြည်သူ့အားကစားကွင်း အရှေ့ဘက်မုခ်ဦးရှေ့ စုရပ်နေရာ၌ ကျင်းပခဲ့သည်။
အဆိုပါ လူထုစုပေါင်းစက်ဘီးစီးနင်းပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းဒေသကြီး၊ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေး ဦးသန်းအောင်နှင့် အား/ကာ လက်ထောက်ညွှန်ကြားရေးမှူးများ၊ မြို့နယ်အားကစားမှူးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မုံရွာမြို့နှင့် အနီးတစ်ဝိုက်မြို့တို့မှ စက်ဘီးစီး ကလပ်အသင်းများမှ စက်ဘီးအားကစားသမားများ၊ အားကာသိပ္ပံမှ စက်ဘီးစီးသမားများ၊ ကျောင်းသားကျောင်းသူများ သက်ကြီး၊ သက်လတ်၊ သက်ငယ်စက်ဘီးစီး အားကစားဝါသနာရှင်ပြည်သူများ ဝန်ထမ်းများ စုပေါင်းစက်ဘီးစီးနင်း ပါဝင်ဆင်နွှဲခဲ့ကြသည်။
ပြိုင်ပွဲကို ဝန်ကြီးချုပ်က အချက်ပြ သေနတ်ပစ်ဖေါက်၍ တာလွှတ်လိုက်သည်နှင့် တစ်ပြိုင်နက် စက်ဘီးစီးအဖွဲ့ဝင် ၁၀၀၀ ခန့်တို့သည် စုရပ်နေရာမှ မြောက်ဘက် ဗိုလ်ချုပ်အောင်ဆန်းလမ်းအတိုင်း မုံရွာမြို့အထွက် ကျွဲရဲအဝိုင်းလမ်းဆုံသို့ ထိုမှ အနောက်ဘက် မြို့ပတ်လမ်း လွှတ်တော်ရုံးရှေ့လမ်း၊ ထိုမှ တောင်ဘက် ကမ်းနားလမ်းအတိုင်း မြို့ပတ်၍ အရှေ့ဘက်သို့ ထိုလမ်းအတိုင်းမြို့ပတ်၍ မြောက်ဘက်ရှိ ဗိုလ်ချုပ်အောင်ဆန်လမ်းအတိုင်း တာလွှတ်စုရပ်နေရာအထိ စက်ဘီးစီးနင်းကြပြီး ပျော်ရွှင်စွာ စုပေါင်းဆင်နွှဲ၍ ပြန်လည်ပန်းဝင် ရောက်ရှိလာကြကာ ကိုယ်လက်လှုပ်ရှားကြံ့ခိုင်မှု လေ့ကျင်းခန်းများ ပြုလုပ်ကြကြောင်း သိရသည်။
ဆက်လက်ပြီး တက်ရောက်ပါဝင်ဆင်နွှဲသူများအား ဗလာမပါကံစမ်းမဲများ ဖောက်ပေး၍ အမှတ်တရ လက်ဆောင်ပစ္စည်းများနှင့် စက်ဘီးမဲပေါက်သူ (၃)ဦးအား ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌနှင့် သိန်းလင်းစက်ဘီးဆိုင်မှ အလှူရှင်တို့က အသီးသီးဆုများပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြည်သူလူထု စုပေါင်းစက်ဘီးစီးနင်းပွဲကို သတ်မှတ်ထားသည့် ဒီဇင်ဘာ (၁)ရက်၊ (၁၅)ရက်နှင့် (၂၉)ရက်တို့တွင် ကျင်းပမည်ဖြစ်ရာ မည်သူမဆို အကန့်အသတ်မရှိ မည်သည့်စက်ဘီးနှင့်မဆို ပါဝင်စီးနင်းဆင်နွှဲနိုင်ကြောင်း သိရသည်။
ထွန်းကိုကို(ယင်းမာပင်)