တောင်ငူ ၁ ဒီဇင်ဘာ
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဒီဇင်ဘာ ၁ ရက် နံနက် ၈ နာရီက တောင်ငူမြို့နယ်၊ ဆင်ဆိပ်ကျေးရွာအုပ်စု၊ ရှမ်းရွာကျေးရွာတွင် ကျင်းပပြုလုပ်သည့် ကျေးရွာလျှပ်စစ်မီးလင်းရေးဖွင့်ပွဲသို့ တက်ရောက်ပြီး ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရှမ်းရွာကျေးရွာ လျှပ်စစ်မီးလင်းရေးအတွက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဦးရဲဝဏ္ဏ၊ တောင်ငူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် ကျေးရွာလျှပ်စစ်မီးလင်းရေး ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်လတ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက အမှာစကားပြောကြားပြီး တောင်ငူမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးထွန်းထွန်းဦးက လျှပ်စစ်မီးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာဗဟုသုတများအား အသိပေးပြောကြားကာ ကျေးရွာမီးလင်းရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်လတ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
တောင်ငူမြို့နယ်၊ ရှမ်းရွာကျေးရွာ လျှပ်စစ်မီးလက်းရေးအတွက် NEP စီမံကိန်းထောက်ပံ့ငွေကျပ် (၄၉၈)သိန်းဖြင့် ၂၀၁၉ ခုနှစ် သြဂုတ်လမှစတင်၍ (၀.၅၇)မိုင်ရှိ (11KV) ဓာတ်အားလိုင်းနှင့် 11/0.4KV(100) KVA ထရန်စဖော်မာ၊ ဓာတ်အားခွဲရုံ(၁)ရုံတို့အား ဆောင်ရွက်ပေးခဲ့ပြီး ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ထောက်ပံ့ငွေကျပ် သိန်း(၁၀၀)၊ ပြည်သူထည့်ဝင်ငွေ ကျပ်(၅၈)သိန်းဖြင့် ကျေးရွာအတွင်း (400KV) ဓာတ်အားလိုင်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ ယခုဆိုလျှင် ကျေးရွာအတွင်း နေထိုင်ကြသည့် မိသားစုများမှာ လျှပ်စစ်မီးအသုံးပြုနေပြီ ဖြစ်သည့်အပြင် တောင်ငူမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၉၇)ရွာ NEP စီမံကိန်းဖြင့် ကျေးရွာလျှပ်စစ်မီးလင်းရေး ဆောင်ရွက်လျက်ရှိရာ (၂၅)ရွာ ပြီးစီးသွားပြီဖြစ်ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)