တောင်ငူ ၁ ဒီဇင်ဘာ
နိုဝင်ဘာ ၃၀ ရက် ညနေ ၅ နာရီခွဲက ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် ဆိတ်ဖူးတောင်ကျေးရွာတွင် ကျင်းပပြုလုပ်သည့် (၂၇)ကြိမ်မြောက် ရှမ်းတိုင်းရင်းသားများ၏ ရှမ်းနှစ်သစ်ကူးအထိမ်းအမှတ်ပွဲတော် အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ကရင်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးတို့ တက်ရောက်ပါဝင် ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ရှမ်းတိုင်းရင်းသားများ၏ ရှမ်းနှစ်သစ်ကူး အထိမ်းအမှတ်ပွဲတော်အား ဝန်ကြီးချုပ်ဦးဝင်းသိန်း၊ တိုင်းမှူးဗိုလ်ချုပ်မျိုးဝင်း၊ ဝန်ကြီးဒေါ်နော်ပွယ်စေး၊ တောင်ငူခရိုင် အုပ်ချုပ်ရေးမှူး ဦးမိုးထက်နှင့် တောင်ငူမြို့နယ် စည်ပင်သာယာကော်မတီဥက္ကဋ္ဌ ဦးအေးလွင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
အခမ်းအနားတွင် ဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့် တိုင်းမှူးဗိုလ်ချုပ်မျိုးဝင်းတို့က အမှာစကား အသီးပြောကြားကာ ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးက ပြည်ထောင်စုဝန်ကြီးထံမှ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားသည်။
ယင်းနောက် ဝန်ကြီးချုပ်နှင့် ဝန်ကြီးတို့မှ ရှမ်းတိုင်းရင်းသားများ၏ ရှမ်းနှစ်သစ်ကူး အထိမ်းအမှတ်ပွဲတော်အတွက် အလှူငွေကျပ်သိန်း(၅၀)နှင့် တိုင်းမှူးမှ ရှမ်းနှစ်သစ်ကူး အထိမ်းအမှတ် လက်ဆောင်တို့အား ပဲခူးတိုင်းဒေသကြီး ရှမ်းစာပေနှင့် ယဉ်ကျေးမှုဥက္ကဋ္ဌ ဒေါ်နန်းကျင်ဦးနှင့် ရှမ်းနှစ်သစ်ကူး အထိမ်းအမှတ်ပွဲတော်ဖြစ်မြောက်ရေး ကော်မတီဥက္ကဌတို့ထံ ထောက်ပံ့ပေးအပ်ကာ ပဲခူးတိုင်းဒေသကြီး ရှမ်းစာပေနှင့်ယဉ်ကျေးမှုဥက္ကဋ္ဌ ဒေါ်နန်းကျင်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ရှမ်းတိုင်းရင်းသားများက ရှမ်းရိုးရာယဉ်ကျေးမှု အကများဖြင့် ဖျော်ဖြေတင်ဆက်ကြကြောင်း သိရသည်။
အဆိုပါရှမ်းတိုင်းရင်းသားများ၏ ရှမ်းနှစ်သစ်ကူး အထိမ်းအမှတ်ပွဲတော်တွင် ဒေသအသီးသီး၌ နေထိုင်ကြသည့် ရှမ်းမျိုးစုအားလုံး၏ နေထိုင်မှု၊ ရိုးရာဝတ်စားဆင်ယင်မှုကို ပြသခြင်း၊ ရှမ်းရိုးရာယဉ်ကျေးမှုဖြင့် ဖျော်ဖြေခြင်း၊ သမိုင်းဆက်စပ်မှုနှင့် ဓလေ့ထုံးတမ်းများကို ပေါ်လွင်စေခြင်း၊ စည်းလုံးညီညွတ်မှုကို ထင်ဟပ်စေခြင်း၊ ကောင်းမှုကုသိုလ် အလှူဒါနပြုခြင်းတို့ဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ယခုရှမ်းနှစ်သစ်ကူး အခါသမယမှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် ဆက်လက်ထိန်းသိမ်း ဆောင်ရွက်နိုင်ရန်အတွက် အထိမ်းအမှတ်ပွဲတော် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)