ရန်ကုန်  ၁  ဒီဇင်ဘာ

 

ဆုတောင်းပြည့် မယ်လမုစေတီတော်ဂေါပကအဖွဲ့နှင့် အဘိဓမ္မာ ပြန့်ပွားရေး အသင်းတို့က ကြီးမှူးကျင်းပသည့်  ၂၀၁၈ ခုနှစ်အတွက် '' လေးမြိုင် စာပေ သတ္တိဖြင့် ရှင်သန်သူ '' စာအုပ်ဖြင့် အမျိုးသားစာပေဆု (စာပဒေသာ)ဆု ရရှိခဲ့သည့် ဆရာမ မသန်းသန်း(မန်းတက္ကသိုလ်)အား ဂုဏ်ပြုပွဲ အခမ်းအနားကို နိုဝင်ဘာ ၃၀ ရက်မွန်းလွဲ ၃ နာရီက ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်၊ မယ်လမုစေတီဝင်းအတွင်းရှိ  ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

 

အခမ်းအနားတွင် ၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေဆုရရှိသည့် မယ်လမု စေတီတော် အဘိဓမ္မာ သင်တန်းမှူး ဆရာမ မသန်းသန်း(မန်းတက္ကသိုလ်)၏ ကိုယ်ရေးအကျဉ်းကို ဖတ်ကြားပြီး  အမျိုးသားစာပေတစ်သက်တာဆုရှင် စာရေးဆရာကြီး ဦးလေးမြိုင်က နှုတ်ခွန်းဆက် စကားပြောကြားသည်။

 

ထို့နောက် မယ်လမုစေတီတော်ဂေါပကအဖွဲ့နှင့် အဘိဓမ္မာပြန့်ပွားရေး အသင်း ဥက္ကဌ ဦးအုန်းမြင့်က ဆရာမ မသန်းသန်း(မန်းတက္ကသိုလ်)အား ဂုဏ်ပြုရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဂေါပကအဖွဲ့နှင့် အဘိဓမ္မာပြန့်ပွားရေးအသင်း နာယက ဝဏ္ဏကျော်ထင် ဦးသိုက်ထွန်း (စာရေးဆရာ မောင်မျိုးထွန်း-မြင်းခြံ) နှင့်  စာရေးဆရာမောင်ဟံသ တို့က ဂုဏ်ပြုစကား ပြောကြားကြသည်။

 

ယင်းနောက် ဝဏ္ဏကျော်ထင် ဦးသိုက်ထွန်း နှင့် တာဝန်ရှိသူများက ဆရာမ မသန်းသန်း(မန်းတက္ကသိ်ုလ်)အား အဘိဓမ္မာပြန့်ပွားရေးအသင်းနှင့် ဆုတောင်းပြည့် မယ်လမုစေတီတော်ဂေါပကအဖွဲ့တို့မှ ချီးမြှင့်သည့် ဂုဏ်ပြုလက်မှတ်များနှင့် အမှတ် တရလက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး အမျိုးသားစာပေဆုရှင် ဆရာမ မသန်းသန်း (မန်းတက္ကသိုလ်)  က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေဆု (စာပဒေသာ)ဆုရရှိခဲ့သည့် '' လေးမြိုင် စာပေသတ္တိဖြင့်ရှင်သန်သူ '' စာအုပ်သည် သက်ရှိထင်ရှားရှိနေသည့် အသက် (၉၆)နှစ်အရွယ် မော်ကွန်းတင်ထိုက်သူ အမျိုးသားစာပေတစ်သက်တာဆုရှင် စာရေးဆရာကြီး ဦးလေးမြိုင်၏ ထေရုပ္ပတ္တိ ဘဝအကြောင်းကို ရေးဖွဲ့ထားသော စာအုပ်ဖြစ်သည်။

 

ဆရာမ မသန်းသန်း(မန်းတက္ကသိုလ်)သည် စာရေးသက် နှစ်ပေါင်း ၄၀ ကျော်အတွင်း စာပေဗိမာန်ဆု ၃ ဆု ရရှိခဲ့ပြီး ၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေဆု (စာပဒေသာ)ဆုသည် ပထမဆုံးရရှိခဲ့ခြင်းဖြစ်သည်။ ဆရာမသည် လုံးချင်းစာအုပ် ၃၀ ကျော်နှင့် မဂ္ဂဇင်း၊ ဆောင်းပါး၊ ဝတ္ထုတိုအပုဒ်ပေါင်း ၃၀ဝ ကျော် ရေးသားခဲ့ပြီး လက်ရှိအချိန်တွင် ဘာသာရေးစာအုပ်များ ရေးသားလျက်ရှိကြောင်း သိရသည်။

 

(သတင်းနှင့်ဓာတ်ပုံ-မင်းသစ်(MNA)