၁ ဒီဇင်ဘာ

 

အကြိမ် (၃၀) မြောက် ဆီးဂိမ်းစ်အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုနောက်ဆုံးနေ့ကို ဒီဇင်ဘာ ၂ ရက် တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းအနေဖြင့် အုပ်စုပထမနေရာရယူနိုင်ရန် နောက်ဆုံးပွဲတွင် ဂိုးပြတ်အနိုင်ရရန် လိုအပ်နေသည်။

 

နိုဝင်ဘာ ၂၉ ရက်က ကျင်းပသည့် အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုဒုတိယနေ့အပြီးတွင် အုပ်စု (က) မှ အိမ်ရှင်ဖိလစ်ပိုင်၊ အုပ်စု (ခ) မှ လက်ရှိချန်ပီယံ ဗီယက်နမ်အသင်းတို့ ဆီမီးဖိုင်နယ်တက်ရောက်သွားပြီး နောက်ဆုံးနေ့တွင် ဆီမီးဖိုင်နယ်တက်ခွင့် လက်ကျန်နှစ်နေရာအတွက် ဆက်လက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ နောက်ဆုံးနေ့ပွဲစဉ်များကို ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင်တစ်ချိန်တည်း ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ဘီနန်ကွင်း၌ မြန်မာအသင်းနှင့် မလေးရှားအသင်း၊ ရီဇယ်လ်အမှတ်တရကွင်း၌ ထိုင်းအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

 

မြန်မာအသင်းသည် အဖွင့်ပွဲတွင် ဖိလစ်ပိုင်နှင့် ဂိုးမရှိသရေကျထားသည့်အပြင် ဖိလစ်ပိုင်က မလေးရှားကို ငါးဂိုးပြတ်အနိုင်ရထားသောကြောင့် အုပ်စုပထမနေရာရယူနိုင်ရန် နောက်ဆုံးပွဲတွင် ခြောက်ဂိုးနှင့်အထက် ဂိုးပြတ်အနိုင်ရရန် လိုအပ်နေသည်။ အုပ်စု (ခ) တွင်လည်း ဗီယက်နမ်အသင်းက ထိုင်းနှင့် တစ်ဂိုးစီသရေ၊ အင်ဒိုနီးရှားကို ခြောက်ဂိုးပြတ်ဖြင့် အနိုင်ရကာ ရမှတ်လေးမှတ်ဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားပြီဖြစ်သည်။ ကျန်တစ်နေရာစီအတွက် အုပ်စု (က) တွင် မြန်မာ၊ အုပ်စု (ခ) တွင် ထိုင်းအသင်းတို့ အခြေအနေကောင်းနေပြီး ပြိုင်ဘက်များ၏ အနေအထားကြောင့် ဆီမီးဖိုင်နယ်တက်ရောက်ရန် သေချာသလောက်ရှိနေသည်။ အုပ်စုပထမနေရာအတွက်မူ ဂိုးပြတ်သွင်းယူနိုင်မည့်အပေါ်တွင် မူတည်နေသည်။

 

မြန်မာအမျိုးသမီးအသင်းသည် ဆီမီးဖိုင်နယ်တက်ရောက်နိုင်ပါက ထိုင်း သို့မဟုတ် ဗီယက်နမ်စသည့် အာဆီယံထိပ်သီးအသင်း တစ်သင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဒီဇင်ဘာ ၅ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်