ပြုံယမ်း ၁  ဒီဇင်ဘာ

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြောက်ကိုရီးယား၏ ဒုံးကျည်များ စမ်းသပ်ပစ်ခတ်မှုကို ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်မှု တစ်ခုအဖြစ် မှားယွင်းပြောဆိုခဲ့သည့်အတွက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ဝန်ကြီးချုပ်အာဘေးကို ဉာဏ်နည်းသူအဖြစ် ဝေဖန်ရှုတ်ချ လိုက်ကြောင်း သိရသည်။

မြောက်ကိုရီးယားနိုင်ငံပိုင် ကိုရီးယားဗဟိုသတင်းအေဂျင်စီက ဖော်ပြခဲ့သည့် ထုတ်ပြန်ချက်ထဲ၌ မစ္စတာ အာဘေးအနေဖြင့် မကြာခင်အချိန်အတွင်း မည်သည့်အရာက တိုက်ချင်းပစ်ဒုံးကျည် စစ်စစ်ဖြစ်သည်ကို ၎င်း၏ မျက်နှာနှင့်အနီးကပ်ဆုံးနေရာတွင် မြင်တွေ့ကောင်း မြင်တွေ့ရနိုင်ကြောင်း ဖော်ပြထားသည်။ ။

မြောက်ကိုရီးယားသည် အလွန်ကြီးမားသော ဒုံးကျည်များပစ်လွှတ်နိုင်သည့် ကိရိယာဖြင့် ဒုံးကျည်နှစ်စင်းကို အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့ပြီဖြစ်ကြောင်း ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက်က ကြေညာခဲ့သည်။ ။

ယင်းအောင်မြင်မှုသည် အမေရိကန်နှင့် မြောက်ကိုရီးယားတို့အကြား သောင်မတင်ရေမကျဖြစ်နေသည့် နျူကလီးယားဖျက်သိမ်းရေး ဆွေးနွေးပွဲများတွင် အလိုက်သင့် ပြောင်းလဲနိုင်မှုကို ပြသလိုသည့် မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအန်းက အမေရိကန်သို့ပေးလိုသည့် သတင်းစကားတစ်ခု ဖြစ်သည်ဟု လေ့လာသူများက ဝေဖန်သုံးသပ်ခဲ့ကြသည်။ ။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြောက်ကိုရီးယားသည် အမျိုးအစားမသိနိုင်သည့် ဒုံးကျည်နှစ်စင်းကို စမ်းသပ်ပစ်ခတ်ခဲ့ပြီး အဆိုပါဒုံးကျည်များ သည် ၃၈၀ ကီလိုမီတာ အကွာအဝေးအထိ ရောက်ရှိခဲ့ရာ အဆိုပါ စမ်းသပ် ပစ်ခတ်မှုသည် တောင်ကိုရီးယားနှင့် အမေရိကန်ကို တိုက်ရိုက်ခြိမ်းခြောက်လာနိုင်ကြောင်း တောင်ကိုရီးယားနိုင်ငံမှ ကျွမ်းကျင်သူများက ပြောကြား ခဲ့သည်။

မြောက်ကိုရီးယားဒုံးကျည်စမ်းသပ်မှုကို ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဂျပန်နှင့်တကွ နိုင်ငံတကာ အသိုင်းအဝိုင်းကို စိန်ခေါ်လာခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး အဆိုပါစမ်းသပ်မှုကို တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်မှု တစ်ခုအနေဖြင့် ဖော်ပြခဲ့သည်။

အေအက်ဖ်ပီ