အင်းတော်ကြီး  ၂  ဒီဇင်ဘာ

 

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသသို့ ၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာလှည့် ခရီးသွားဧည့်သည် တစ်သောင်းကျော် လာရောက်လည်ပတ်ခဲ့ကြောင်း အင်းတော်ကြီး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာပေးပြခန်း၏ မှတ်တမ်းများမှ သိရသည်။

 

အင်းတော်ကြီးဒေသသို့ လာရောက်လည်ပတ်ကြသည့် ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များသည် အင်းတော်ကြီးအိုင်အတွင်း လှေစီး၍ လှည့်လည်ကြည့်ရှုခြင်း၊ အင်းကမ်းဘေးတွင်ရှိသည့် ရွှေတောင်သို့ ခြေလျင်တောင်တက်ခြင်း၊ ငှက်များနှင့် မျောက်များ ကြည့်ရှုခြင်းအပြင် အထူးသဖြင့် ဒေသခံတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များနှင့် အင်းပတ်ဝန်းကျင်ရှိ သဘာဝ အလှအပများအား ကြည့်ရှုလေ့လာသည်ကို ပိုပြီးနှစ်သက်ကြကြောင်း အင်းတော်ကြီး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာပေးပြခန်းတွင် တာဝန်ထမ်းဆောင်နေသူ အပြည်ပြည်ဆိုင်ရာ တောရိုင်း တိရိစ္ဆာန်နှင့် သဘာဝအပင်များ အဖွဲ့မှ ဒေါ်ဖြူးမမက ပြောသည်။

 

အင်းတော်ကြီးဒေသကို ဂျာမနီနိုင်ငံနှင့် မိတ်ဖက်အဖွဲ့အစည်းအဖြစ် ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ကာ လာရောက် လည်ပတ်သူ အများစုမှာလည်း ဂျာမနီနိုင်ငံသားများဖြစ်ကြောင်း အင်းတော်ကြီး  တောရိုင်း တိရိစ္ဆာန် ဘေးမဲ့တော ဦးစီးဌာနမှူး ဦးမောင်ဝင်းက ပြောသည်။

 

အင်းတော်ကြီး ဒေသသည် မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်းတည်ရှိကာ မြို့ နှစ်မြို့နှင့် ကျေးရွာပေါင်း (၃၃)ရွာ တည်ရှိသည့် ဒေသကြီးတစ်ခုဖြစ်ပြီး အင်းတော်ကြီးအိုင်မှာ အရှေ့တောင်အာရှ နိုင်ငံများတွင် အကြီးဆုံး ရေချိုအိုင်ကြီးတစ်ခု ဖြစ်သည်။

 

အင်းတော်ကြီးအိုင်၏ အကျယ်အဝန်းမှာ အရှည် ၅၁၄ မိုင်နှင့် အကျယ် (၁၀ဝ)မိုင် ကျယ်ဝန်းကာ အင်းတော်ကြီးဒေသကို ၂၀၁၃ ခုနှစ်က အာစီယံအမွေအနှစ် ဥယျာဉ်အဖြစ်၊ ၂၀၁၆ ခုနှစ်က ရမ်ဆာရေဝပ်ဒေသ ထိန်းသိမ်းရေး နယ်မြေအဖြစ်၊ ၂၀၁၇ ခုနှစ်က ဇီဝအဝန်းနယ်မြေအဖြစ်နှင့် ယူနက်စကို အသိအမှတ်ပြု ဒေသအဖြစ် သတ်မှတ်ခံထားရခြင်း ဖြစ်ကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)