ရန်ကုန် ၂ ဒီဇင်ဘာ

သမဝါယမတက္ကသိုလ်(သန်လျင်) လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးမှု သင်တန်း ကြီးကြပ်မှုကော်မတီနှင့် WISE College တို့ ပူးပေါင်းဖွင့်လှစ်သည့် Advanced Diploma in Business Management သင်တန်းအမှတ်စဉ် (၇)(၈)နှင့် Higher Diploma in Business Management သင်တန်းအမှတ်စဉ် (၈)(၉)တို့၏ ဒီပလိုမာလက်မှတ် အပ်နှင်းပွဲကို နိုဝင်ဘာ ၃၀ ရက်တွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ သမဝါယမတက္ကသိုလ် (သန်လျင်) ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းနှင့် သမဝါယမတက္ကသိုလ် (သန်လျင်) စီမံခန့်ခွဲရေးအဖွဲ့နှင့် ပညာရေးအဖွဲ့ဝင်များ၊ ဒီပလိုမာလက်မှတ် ရယူမည့် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ စုံညီစွာ တက်ရောက်ကြသည်။ 

သမဝါယမတက္ကသိုလ် (သန်လျင်) ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းက Advanced Diploma in Business Management ရရှိသူ ၁၈၁ ဦး၊ Higher Diploma in Business Management ရရှိသူ ၂၄၀၊ စုစုပေါင်း ၄၂၁ ဦးကို ဒီပလိုမာလက်မှတ်များ အပ်နှင်းချီးမြှင့်ခဲ့ပါသည်။

ဆက်လက်၍ ပါမောက္ခချုပ်မှ ဘွဲ့နှင်းသဘင်မိန့်ခွန်း ပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် အနာဂတ်မျိုးဆက်သစ်မောင်မယ်များ၏ ပညာရည် မြင့်မားအောင်ဆောင်ရွက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်း ရေးသည် အဓိကလိုအပ်လျက်ရှိကြောင်း၊ အစိုးရဌာနဖြစ်စေ၊ ပုဂ္ဂလိကအလုပ်ဖြစ်စေ၊ မျိုးဆက်သစ်လူတော်လူကောင်းများ စဉ်ဆက်မပြတ် ထွန်းကားနေပါမှ နိုင်ငံတော်ရှိ လုပ်ငန်း အသီးသီး၏ ယန္တရားများလည်း ကောင်းမွန်စွာ လည်ပတ်နိုင်မည်ဖြစ်ကြောင်း၊ Knowledge Age ဖြစ်သော ပညာခေတ်တွင် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို ထူထောင်ရာ၌ အရည်အချင်းပြည့်ဝသော မျိုးဆက်သစ်လူငယ်များ ပညာတတ် သားကောင်းရတနာများ ပေါ်ထွန်းရေးအတွက် သမဝါယမတက္ကသိုလ်(သန်လျင်) အနေနှင့်လည်း တစ်တပ်တစ်အား ပါဝင်နေကြောင်း၊ မြန်မာနိုင်ငံတွင် လူမှုရေး၊ စီးပွားရေး အခြေအနေများ ပြောင်းလဲ တိုးတက် လာသည်နှင့်အမျှ ပညာရေးက ဖွံ့ဖြိုးတိုးတက်စေရန် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် အမျိုးသားပညာရည်ဖွံ့ဖြိုးရေး အထူးစီမံကိန်းများ ချမှတ်ဖော်ဆောင်လျက်ရှိကြောင်း၊ ခေတ်မီတိုးတက်ပြီး ပြည့်စုံကောင်းမွန်သော တက္ကသိုလ်၊ ကောလိပ်များ ဖွင့်လှစ် အဆင့်မြှင့်တင်ပေးခြင်း၊ ပြည့်စုံခေတ်မီသော သင်ရိုးများကို အဆင့်ဆင့် မွမ်းမံပြဌာန်းပေးခြင်း၊ နှစ်သက်ရာ၊ ဆက်နွယ်ရာ၊ ဆန္ဒရှိရာ ပညာရပ်များကို အသက်အရွယ် အကန့်အသတ်မရှိဘဲ သင်ယူနိုင်ရန် နက်နက်ရှိုင်းရှိုင်း သိရှိတတ်ကျွမ်းအောင် စီမံဆောင်ရွက်ပေးခြင်း၊ ပညာပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးခြင်းတို့ကို ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ သမဝါယမတက္ကသိုလ်(သန်လျင်) မှလည်း လူငယ်များ၏ မျက်မှောက် ခေတ်ပညာရေးကို လိုက်မီအောင် အချိန်တိုအတွင်း ဘာသာရပ်ဆိုင်ရာ သိအပ် တတ်အပ်သည်များကို သင်ယူတတ်မြောက်နိုင်ရန် စီစဉ်ပေးလျက်ရှိကြောင်း၊ ခေတ်မီ ဖွံ့ဖြိုးတိုးတက်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ဖယ်ဒရယ် ပြညထောင်စုကြီး တည်ဆောက်ရာတွင် အရည်အချင်းပြည့်ဝသော အသိပညာရှင် အတတ်ပညာရှင်များ အမြောက်အများ ပေါ်ထွက်လာရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သော ဘွဲ့ရလူငယ်များ အနေဖြင့် ဘာသာရပ်များတွင် ကျွမ်းကျင် နှံ့စပ်ရုံမျှမက ကိုယ်ကျင့်တရား မှန်ကန်ကောင်းမွန်သော ဗလငါးတန် ပြည့်ဝသော လူတော်လူကောင်းများ ဖြစ်လာကြစေလိုကြောင်း ပြောကြားခဲ့ပြီး အခမ်းအနားကို နံနက် (၁၁) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

(သတင်းစဉ်)