ပြင်ဦးလွင် ၂ ဒီဇင်ဘာ
ကမ္ဘာ့ခုခံအားကျဆင်းမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား (အေအိုင်ဒီအက်စ် ရောဂါ ကင်းဝေးရေး လူထုအားလုံးပါဝင်ပေး) ကို ယနေ့နံနက် ၉ နာရီက ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၅) ၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင် ကျန်းမာရေးမှူး နှင့် ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများတက်ရောက်ကြသည်။
ရှေးဦးစွာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးပါစည် မှ အဖွင့်အမှာစကားပြောကြားပြီး ပြင်ဦးလွင်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ကျန်းမာရေးမှူး ဒေါက်တာသန်းဝင်း က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ပေးပို့သော ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သဝဏ်လွှာ ဖတ်ကြား၍ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခုခံကျ/ကာလသားတိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာလဲ့ရွှေစင်မြင့် မှ ပြင်ဦးလွင်ခရိုင်အတွင်း ခုခံကျ/ကာလသားတိုက်ဖျက်ရေး လုပ်ငန်းစဉ်များအား ရှင်လင်းတင်ပြခဲ့သည်။
ဆက်လက်ပြီး ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံး၊ ပိုစတာ၊ ပန်းချီပြိုင်ပွဲတွင် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး ကျန်းမာရေးအသိပညာပေး နံရံကပ်ပြသထားမှုအား လှည့်လှည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ဇော်မျိုးထိုက် (ပြင်ဦးလွင်)