နေပြည်တော် ၂ ဒီဇင်ဘာ
ဗီယက်နမ် ပညာရေးနှင့် လေ့ကျင့်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနတို့အကြား ၂၀၁၇ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာကို တိုးမြှင့်အကောင်အထည်ဖော်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံရုံးမှ ကြီးမှူး၍ မြန်မာ ဗီယက်နမ် ပညာရေးဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံရှိ ကျောင်းသူကျောင်းသားများနှင့် ပညာတော်သင်များအတွက် ဗီယက်နမ်နိုင်ငံမှ ထောက်ပံ့ပေးမည့် စီးပွားရေးလုပ်ငန်းများ၊ ဗီယက်နမ်တက္ကသိုလ်များမှ ပေးအပ်မည့် ပညာတော်သင် အစီအစဉ်များ၊ အခြားနိုင်ငံတကာ တက္ကသိုလ်များနှင့် တွဲဖက်ထောက်ပံ့ပေးသော သင်တန်းအစီအစဉ်များအပြင် ဗီယက်နမ်နိုင်ငံ၏ ပညာရေးစနစ်နှင့် နှစ်နိုင်ငံအကြား ပညာရေး ပူးပေါင်းဆောင်ရွက်မှု၊ မြန်မာနိုင်ငံ၏ ပညာရေး ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များကို ဆွေးနွေးကြသည်။
(သတင်းစဉ်)