မိုးကောင်း ၃ ဒီဇင်ဘာ
မိုးကောင်းမြို့၌ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသည့် တိုင်းရင်းဆေးဝါးများသည် ခွင့်ပြုထားသည့်လိုင်စင်၊ မှတ်ပုံတင် လက်ဝယ်မရှိဘဲ တိုင်းရင်းဆေးဝါးထုတ်လုပ်ဖြန့်ဖြူးမှု ရှိမရှိကို ယမန်နေ့ နံနက်ပိုင်းတွင် စစ်ဆေးရေး အဖွဲ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မိုးညှင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန ဒုဦးစီးမှူး ဦးဝင်းသိန်းဦးနှင့်အတူ မြိုနယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးရန်နိုင်ဦး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဆရာမကြီး ဒေါ်တင်မာဝေ၊ တိုင်းရင်းဆေးရုံအုပ် ဒေါ်ဇင်မာအောင်၊ တိုင်းရင်းဆေးကုဌာနမှူးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် မြို့ပေါ်ဆေးဆိုင်များအား တားမြစ်ထားသည့်ဆေးပစ္စည်းများ ရောင်းချနေမှု ရှိမရှိ လိုက်လံစစ်ဆေးခဲ့ကြသည်။
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ တားမြစ်ထားသည့် ဆေးဝါး သော်လည်းကောင်း၊ လူသုံးကုန်ပစ္စည်းသော်လည်းကောင်း၊ အစားအစာနှင့် ပတ်သက်သည့်သော်လည်းကောင်း ဈေးကွက်ထဲသို့ ရောင်းချလျှင် ၎င်းပစ္စည်းများအား သိမ်းဆည်းပြီး စစ်ဆေးရေး အဖွဲ့မှ မီးရှို့ဖျက်ဆီးသွားမည်ဖြစ်ကြောင်း မိုးညှင်းခရိုင် စားသုံ့းသူရေးရာဦးစီးဌာန ဒုဦးစီးမှူးက ပြောကြားသည်။
သန်းလွင်ဦး(ပြန်/ဆက်)