စစ်ကိုင်း ၃ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မူးမြစ်ကို တမံပြုလုပ် ရေလှောင်ပြီး နွေစပါး ဧက ၃သိန်း နှင့် မိုးစပါး ဧက ၅သိန်း ခန့်ကို နှစ်စဉ် စိုက်ပျိုးရေပေးဝေခဲ့သည့် သဖန်းဆိပ်ဆည်မှ ယခုနှစ်တွင် နွေစပါးအတွက် စိုက်ပျိုးရေပေးဝေတော့မည်မဟုတ်ဘဲ နိုဝင်ဘာလ ၃၀ ရက်နေ့မှ စတင် ပိတ်လိုက်ပြီ ဖြစ်ကြောင်း သဖန်းဆိပ်ရေလှောင်တမံမှ တမံထိန်းသိမ်းရေးလုပ်ငန်း တာဝန်ယူ ဆောင်ရွက်နေသည့် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဒုဦးစီးမှူး ဦးတင်မိုးဝင်းက ပြောသည်။
သဖန်းဆိပ်ဆည်မှ စိုက်ပျိုးရေပေးဝေမှုကို ၂၀ဝ၁-၂၀ဝ၂ ခုနှစ်မှ စတင်ပြုလုပ်ခဲ့ပြီး ၁၈ နှစ် ကြာ ကာလ အတွင်း ပထမဆုံးအကြိမ်အဖြစ် နွေစပါး မပေးဝေနိုင်တော့ခြင်းဖြစ်သည်။ယင်းသို့ ဖြစ်ရသည်မှာ ယခုနှစ် မိုးရာသီကာလ မိုးရွာသွန်းမှုနည်းပြီး ဆည်အတွင်း ရေဝင်ရောက်မှု နည်းသည့်အတွက် နိုဝင်ဘာလ၃၀ ရက်နေ့မှ စတင်၍ ဇူလိုင်လကုန်အထိ ရေပေးဝေတော့မည် မဟုတ်ကြောင်း သိရသည်။
သဖန်းဆိပ်ဆည်သည် ဧကပေ ၂၇ သိန်းကျော် အထိ ရေလှောင်နိုင်ပြီး ဒီဇင်ဘာလ ၂ ရက်နေ့ တိုင်းထွာ ချက်အရ ဆည်ထဲတွင် သိုလှောင်ထားရှိးသည့် ရေမှာ သုံးသိန်းရှစ်သောင်း ဧကပေ ကျော်သာ ရှိတော့ကြောင်း သိရသည်။
"နွေစပါး မစိုက်ရတော့ ဘာစိုက်မယ်ဆိုတဲ့ စိတ်ကူး ခုချိန်ထိတော့ မရှိကြသေးဘူး။ နွေစပါး မစိုက် ရတော့ ဝင်ငွေတော့ မရှိတော့ဘူးပေါ့။ ဒါပေမယ့် နွေစပါးစိုက်လည်း ပြီးခဲ့တဲ့ နှစ်က နွေစပါးစိုက် တောင်သူတွေ ရှုံးတယ်။စပါးဈေးမရှိတော့လေ။ ခုလဲ နွေစပါး မစိုက်ရတော့ တောင်သူတွေက ဝမ်းမနည်းဘူး။ စပါးဈေးမှမရှိတာ" ဟု ခင်ဦးမြို့နယ်မှ သဖန်းဆိပ် ဆည်ရေဖြင့် နွေစပါး စိုက်ပျိုးခဲ့သည့် တောင်သူဦးတင်ဝင်းက ပြောသည်။
ယခုနှစ် မိုးရာသီကာလတွင် မိုးရွာသွန်းမှု နည်းပါးခြင်းကြောင့် မြန်မာနိုင်ငံအတွင်းရှိ ဆည်များတွင် ရေဝင် ရောက်မှုနည်းပါးခဲ့ပြီး ယခုနှစ်နွေရာသီတွင် နှစ်စဉ်နွေစပါးအတွက် စိုက်ပျိုးရေ ပေးဝေနေသည့် ဆည်များဖြစ်သည့် မြန်မာနိုင်ငံတွင် အကြီးဆုံးဖြစ်သည့် သဖန်းဆိပ် ဆည်အပါအဝင် နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးများရှိ ဆည်ပေါင်း ၃၀ ကျော် မှ နွေစပါး ပေးဝေမည်မဟုတ်ကြောင်း ဆည်မြောင်းနှင့် ရေအရင်းအမြစ်အသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနရုံး ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဆည်ရေဖြင့် စိုက်ပျိုးကြသည့် နွေစပါးများသည် တစ်ဧကလျင် အနည်းဆုံး တင်း ၆၀မှ တင်း ၈၀ အထိ ထွက်ရှိကြပြီး နွေစပါးမစိုက်ပျိုးနိုင်တော့သည့်အတွက် တောင်သူများ၏ ဝင်ငွေလျော့နည်း မည်ဖြစ်သကဲ့သို့ မြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့် ပြည်သူများအတွက် စားနပ်ရိက္ခာ မလုံလောက် မှုနှင့် ကြုံတွေ့လာနိုင်ကြောင်း၊နိုင်ငံတော် အနေဖြင့်လည်း အခြားသုံးရေအား နည်းပါးနေခြင်း၊ ဆည်အတွင်းရေဝင်ရောက်မှု့ နည်းပါးခြင်းနှင့် လျှပ်စစ်ထုတ်ဓာတ် အားနည်းပါးမှု မရှိစေရန်ထိုကဲ့သို့ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။
လူအောင်(ကသာ)