ကော့ကရိတ် ၃ ဒီဇင်ဘာ

 

ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် အမျိုးသမီးများအတွက် အိမ်တွင်းမှုအသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်ရည်ရွယ်၍ ကရင်ပြည်နယ် အစိုးရအဖွဲ့နှင့် GMSAEDC တို့ပူးပေါင်း၍ ဒေသဆိုင်ရာ ဖွံ့ဖြိုးရေးစီမံကိန်းအစီအစဉ်ဖြင့် ရော်ဘာရွက်ဖြင့် ပြုလုပ်သော အိမ်တွင်းမှုပန်းအလှဆင်ခြင်း သင်တန်းကို ယမန်နေ့ နံနက်ပိုင်းက ကော့ကရိတ်ခရိုင်၊ ထို့ကော်ကိုး ငြိမ်းချမ်းရေးဒေသ (နော်တယာမြို့)၊ သင်တန်းဆောင်၌ ဖွင့်လှစ် ကျင်းပသည်။

 

ဖွင့်ပွဲအခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူး ဒေါ်နော်သူးလေထီးက ရော်ဘာပင်မှ ရော်ဘာရွက်များအား အကျိုးရှိစွာ အသုံးပြု၍ပန်းများ ပြုလုပ်ရောင်းချနိုင်ခြင်းဖြင့် အမျိုးသမီးများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေမည်ဖြစ်ပြီး မိသားစုဝင်ငွေ တိုးတက်ရရှိစေသော အသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ယခုအခါ ကရင်ပြည်နယ်၏ သဘာဝအရင်းအမြစ်များအား လေ့လာသူများနှင့် ခရီးသွားဧည့်သည်များ များပြားလာနေသည့်အတွက် ရော်ဘာရွက်ဖြင့် ပြုလုပ်သော ပန်းများအား မိမိတို့ဒေသထွက်ကုန်တစ်ခုအဖြစ် ရောင်းချနိုင်ရေး ဆောင်ရွက်သင့်ပါကြောင်းနှင့် ပို့ချပေးသည့် နည်းပညာများကို သေချာမှတ်သားရန်နှင့် နည်းပညာများအား လက်ဆင့်ကမ်းပြန်လည်ဖြန့်ဝေ ပေးကြရန် အဖွင့်အမှာစကား ပြောကြားသည်။

 

ဆက်လက်၍ ထို့ကော်ကိုးငြိမ်းချမ်း‌ရေးဒေသ (နော်တယာမြို့)ပညာရေးမှူး ဒေါ်ချိုချိုအေးမှ မိမိတို့ ဒေသဖွံ့ဖြိုးရေးအတွက် သင်တန်းဖွင့်လှစ်ပေးခြင်းအား ဒေသခံများကိုယ်စား ကြိုဆိုကျေးဇူးတင်စကား ပြန်လည်းပြောကြားပြီး ထို့ကော်ကိုးငြိမ်းချမ်း‌ရေးဒေသ စိုက်ပျိုးရေးတာဝန်ခံ ဦးစောစိုးဝင်းက သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် သင်ကြားပို့ချမည့် ဆရာမများမှ မိတ်ဆက်စကားပြောကြားပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။ အဆိုပါသင်တန်းကို ရော်ဘာသုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးဌာန(ရန်ကုန်)မှ ပညာရှင်များဖြစ်သည့် ဒေါ်သီတာကျော်၊ ဒေါ်ဝင့်နန္ဒာအေး၊ ဒေါ်မေသက်အေးနှင့် ဒေါ်အေးအေးအောင်တို့က သင်တန်းသား/သူ(၂၈)ဦးတို့အား ဒီဇင်ဘာ ၅ ရက်နေ့ထိ ရော်ဘာရွက်မှ ပန်းဖြစ်လာပုံအဆင့်ဆင့်ကို လက်တွေ့သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ခင်မျိုးဝင်း(ကော့ကရိတ်)