မန္တလေး ၃ ဒီဇင်ဘာ
မန္တလေးသို့ နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှုသည် ယခင် ၂၀၁၈ ခုနှစ် တစ်နှစ်လုံးထက် ပိုမိုဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာမှု ညွှန်ကြားရေးဦးစီးဌာန၏ နိုင်ငံခြားသား ခရီးသွား ဝင်ရောက်မှု စာရင်းများအရ သိရသည် ။
ယခင် ၂၀၁၈ ခုနှစ် တစ်နှစ်လုံးတွင် နိုင်ငံခြားခရီးသွား ဝင်ရောက်မှု စုစုပေါင်း ၄၉၀,ဝ၀ဝ ကျော် ရှိခဲ့ပြီး ယခု ၂၀၁၉ခုနှစ် ဇန်နဝါရီလ မှ အောက်တိုဘာလ အထိ ဆယ်လအတွင်း နိုင်ငံခြားခရီးသွား ဝင်ရောက်မှု စုစုပေါင်း ၅၅၀,ဝ၀ဝကျော်ရှိကာ တစ်နှစ်လုံးအတွက် ၆၀ဝ,ဝ၀ဝ ကျော်ဝင်ရောက်ရန် မျှော်မှန်းထားကြောင်း သိရသည် ။
"ခရီးသွား ဧည့်သည်ဝင်ရောက်မှုက အရမ်းများလာတယ်။ အများဆုံးက တရုတ်ခရီးသွားတယ် ဖြစ်တယ်။ တရုတ်ခရီးသွားကများပေမယ့် ဂိုက်ကတော့ နည်းနေတယ်။ တရုတ်ခရီးသွား ဧည့်လမ်းညွှန်တွေ လိုအပ် နေသေးတယ်" ဟု ဟိုတယ်နှင့် ခရီးသွားလာမှု ညွှန်ကြားရေးဦးစီးဌာန (အထက်မြန်မာပြည်) မှ ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောသည် ။

ခရီးသွားဝင်ရောက်မှုတွင် တရုတ်ခရီးသွားအပြင် အခြားဥရောပနိုင်ငံများမှ ခရီးသွားများ ဝင်ရောက်ရေးအတွက် တာဝန်သိခရီးသွားလုပ်ငန်းမူဝါဒနှင့်အညီ ပုဂ္ဂလိက ခရီးသွား အဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည် ။
မြန်မာနိုင်ငံအနေဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်၊ တောင်ကိုးရီးယား၊ ဟောင်ကောင်နှင့် မကာအိုတို့မှ ခရီးသည်များကို ဗီဇာကင်းလွတ်ခွင့် ပေးခြင်း၊ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ မှ ၂၀၁၉ခုနှစ် စက်တင်ဘာလ ၃၀ ရက် အထိ စမ်းသပ်ကာလ တစ်နှစ်ဖြင့် စတင်လုပ်ဆောင်ခဲ့သည့် လေကြောင်းဖြင့် လာရောက်သော တရုတ် ခရီးသွားများ အတွက် ဆိုက်ရောက်ဗီဇာဖြင့် တစ်နှစ်သက်တမ်းတိုး ထားခြင်း တို့ကို လုပ်ဆောင်ထားသည် ။
ထို့အပြင် လေကြောင်းဖြင့် လာရောက်သည့် အိန္ဒိယနိုင်ငံသားများကိုလည်း ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ရက်နေ့ မှ စ၍ ဆိုက်ရောက်ဗီဇာဖြင့် ဝင်ရောက်ခွင့်ပြုခဲ့သည် ။
သူရိန်လင်း