လေးမျက်နှာ ၃ ဒီဇင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက် နှာမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကလေးစာပေပွဲတော် ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းက ဆက်လက်ကျင်းပရာ မြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများမှ ကျောင်းသား/သူများ၊ ဆရာ၊ ဆရာမများ၊ မိဘပြည်သူများ လာရောက် ကြည့်ရှုလေ့လာသူများဖြင့်ကြိတ်ကြိတ်တိုးစည်ကားနေကြောင်း သိရသည်။
ကလေးစာပေပွဲတော် (လေးမျက်နှာ)ကို လာရောက်ကြသည့် မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းသား/သူလေးများက လူဝင်အရုပ်များ၊ 3D ဗီနိုင်းများဖြင့် အမှတ်တရ ဓာတ်ပုံရိုက်ခြင်း၊ ပြပွဲ၊ ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း၊ ပညာရေးပြခန်း၊ မီးသတ်ပြခန်း၊ ရဲတပ်ဖွဲ့ ပြခန်နှင့် ဖျော်ဖြေရေးအစီအစဉ်များတွင် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြပြီး ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားပြခန်း၊ ထူးချွန်ထင်ရှား လေးမျက်နှာသားများ ပြခန်းများ တွင်လည်း ဧရာဝတီနွယ်ဖွား နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့ကြသူများဖြစ်သည့် နိုင်ငံတော် သမ္မတကြီးများ၏ ဓာတ်ပုံများ၊ နိုင်ငံရေး၊ စာပေ နှင့် အနုပညာ ဂီတနယ်ပယ် အသီးသီးတွင် ကျော်ကြားထင်ရှားသည့် ဧရာဝတီတိုင်းသားများ၏ ဓာတ်ပုံ များ၊ လေးမျက်နှာမြို့နယ်မှ သမိုင်းဝင် စေတီပုထိုးများ၊ ထူးချွန်ထင်ရှား သံဃာတော်များနှင့် လူပုဂ္ဂိုလ်များ စသည့် အနာဂတ်မျိုးဆက် သစ်များ လေ့လာအတုယူဖွယ်ရာ ဓာတ်ပုံများကို ချိတ်ဆွဲပြသထားရာ လာရောက်ကြည့်ရှု လေ့လာသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ရွှေမိုး(ပြန်/ဆက်)