ပဲခူး ၃ ဒီဇင်ဘာ
"အတားအဆီးကင်းရေး မျှော်မှန်းလို့ မသန်စွမ်းလူ့အခွင့်အရေး ဖော်ဆောင်စို့" ဆောင်ပုဒ်နှင့်အညီ မသန်စွမ်းသူများ စွမ်းရည်မြင့်မား လာစေရေး ဦးတည်ပြီး အားလုံးအတူတကွ လက်တွဲဆောင်ရွက် သွားကြရန် ပဲခူးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်ရင်က ပြောကြားသည်။
၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်က ကုလသမဂ္ဂအဖွဲ့ကြီးက ၁၉၉၂ ခုနှစ်မှစတင်ပြီး နှစ်စဉ် ဒီဇင်ဘာ ၃ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အဖြစ် ဂုဏ်ပြုသတ်မှတ်ပေးထားပြီး မြန်မာနိုင်ငံ တွင်လည်း မသန်စွမ်းသူများရဲ့ အခွင့်အရေးနဲ့ စွမ်းဆောင်နိုင်စွမ်းတို့ကို လူ့အဖွဲ့အစည်းအတွင်း သိရှိအလေးထားလာစေရန် ၁၉၉၄ ခုနှစ်မှစတင်ပြီး နှစ်စဉ် ဒီဇင်ဘာ ၃ ရက်နေ့ရောက်တိုင်း ကျင်းပခဲ့ရာ ယခု(၂၆)ကြိမ် ပြည့်ခဲ့ပြီဖြစ်ကြောင်း၊ ယခုနှစ် သတ်မှတ် ထားသည့် "အတားအဆီး ကင်းရေးမျှော်မှန်းလို့ မသန်စွမ်းလူ့အခွင့်အရေး ဖော်ဆောင်စို့" ဆောင်ပုဒ်နှင့်အညီ မသန်စွမ်းသူများ စွမ်းရည်မြင့်မား လာစေရေး ဦးတည်ပြီး အားလုံးအတူတကွ လက်တွဲ ဆောင်ရွက်သွားကြရန် ပြောကြားသည်။
ထို့နောက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကို ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသား လူမျိုးများ ရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးက ဖတ်ကြားပြီး "သံစဉ်ပန်း" မသန်စွမ်းအနုပညာ လှုပ်ရှားမှုအဖွဲ့မှ ဖျော်ဖြေရေး အစီအစဉ် များ ဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ယင်းနောက် ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် ပဲခူးတိုင်း ဒေသကြီး အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအား ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင် နှင့် ကရင်တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွာယ်စေးတို့က ဆုများ ပေးအပ် ချီးမြှင့်ပြီး "သံစဉ်ပန်း" မသန်စွမ်း အနုပညာလှုပ်ရှားမှုအဖွဲ့အား ချီးမြှင့်ငွေများ ထောက်ပံ့ပေးအပ်ကာ ပြခန်းအား လှည့်လည်ကြည့်ရှုကြသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများနှင့် အခြားမသန်စွမ်းသူ ၃၀၃၃၃ ဦးကို တစ်ဦးလျှင် ငွေကျပ် ၃၀ဝဝဝ နှုန်းဖြင့် နိုင်ငံတော်အစိုးရမှ ထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့ပြီး မသန်စွမ်းသူများ၏ ဘဝအရည်အသွေး မြင့်မားတိုးတက် လာစေရန် သင်တန်းကျောင်းအခြေပြုနှင့် ရပ်ရွာအခြေပြု ပြန်လည်ထူထောင်ရေး လုပ်ငန်းများအပြင် မသန်စွမ်းသူရဲ့ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်၊ ဥပဒေရေးရာ၊ မသန်စွမ်းမှုအသိပညာ၊ ရပ်ရွာအတွင်း ပါဝင်ဆောင်ရွက်ခွင့် စသည်တို့အတွက် လုပ်ငန်းအစီအစဉ် များကိုလည်း နိုင်ငံတော်အစိုးရမှ သက်ဆိုင်ရာ ဘဏ္ဍာနှစ်အလိုက် ထည့်သွင်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
တင်စိုး(ပဲခူး)