ရေနံချောင်း ၃  ဒီဇင်ဘာ

 

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းဝင် ကျေးရွာ ၈ ရွာ၌ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

''ကျွန်တော်တို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့ ရေနံချောင်းမြို့နယ်မှာ မြစိမ်းရောင် ကျေးရွာ စီမံကိန်းလုပ်ငန်းတွေကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍနှစ်အထိ ကျေးရွာ ၂၄ ရွာမှာ ယူနစ် ၂၃ ယူနစ်နဲ့ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာတော့ ကျေးရွာ ၈ ရွာမှာ ယူနစ် ၆ ယူနစ်နဲ့ဆောင်ရွက်မှာဖြစ်ပြီး မြစိမ်းရောင် စီမံကိန်းဝင်ကျေးရွာတွေမှာ စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းခြင်းနဲ့ ကျေးရွာကော်မတီဖွဲ့စည်းခြင်းတွေ ဆောင်ရွက်ပြီးပါပြီ'' ဟု မြို့နယ်ဦးစီးမှူးဦးဇော်လင်းနိုင်က ပြောသည်။

 

ရေနံချောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခုဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်စီမံကိန်းဝင်ကျေးရွာများမှာ စည်ပင်တပ်ပိုး၊ စည်ပင်ရွာသစ်၊ ရုံးဆိပ်(မြောက်)၊ ဘူးကျွန်း(အရှေ့)၊ ဘူးကျွန်(မြောက်)၊ ဘူးကျွန်းရွာသစ်၊ ဘူးကျွန်းနတ်စဉ်ကျေးရွာနှင့် မကျည်းတိုင်းကျေးရွာတို့ ဖြစ်ပြီး ကျေးရွာ ၈ ရွာတွင် ယူနစ် ၆ ယူနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။ တစ်ယူနစ်လျှင် မြစိမ်းရောင် ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ကျပ်သိန်း ၃၀ဝ ထုတ်ချေးပေးမည်ဖြစ်ပြီး ကျေးလက်နေ ပြည်သူများ အနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရောင်းဝယ်ရေး စသည့် တစ်ပိုင်တစ်နိုင်လုပ်ငန်းများ လုပ်ကိုင်နိုင်မည် ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

 

ကိုစိုးကြီး