နေပြည်တော် ၃ ဒီဇင်ဘာ
(၅)ကြိမ်မြောက် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံမူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ M-Gallery Hotel ၌ ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ အတွင်းရေးမှူး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးနှင့် ဗီယက်နမ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေး အမြဲတမ်းရုံး အထွေထွေအတွင်းရေးမှူးချုပ်နှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးရဲတပ်ဖွဲ့ ဒုတိယညွှန်ကြား ရေးမှူးချုပ် Pol. Col. Mr. Vu Van Hau တို့က အဖွင့်အမှာစကားပြောကြားသည်။
အခမ်းအနားသို့ ဖိတ်ကြားထားသောရဲအရာရှိကြီးများ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူးနှင့် ရဲအရာရှိကြီးများ၊ မြန်မာနိုင်ငံနှင့် ဗီယက်နမ်တို့မှ ကိုယ်စားလှယ်များ တက် ရောက်ကြသည်။
ဆက်လက်၍ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့၊ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့၊ ဗီယက်နမ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီး ဌာန၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေး အမြဲတမ်းရုံး အထွေထွေအတွင်းရေးမှူးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့က နှစ်နိုင်ငံမူးယစ်ဆေးဝါးနှင့် ပရီကာဆာ သယ်ဆောင်ရောင်းဝယ်မှု၊ (၄)ကြိမ် မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်နိုင်မှုအခြေအနေ ပြန်လည်သုံးသပ်ခြင်း၊ မူးယစ်ဆေးဝါးနှင့် ပရီကာဆာ သယ်ဆောင်ရောင်းဝယ်မှု တိုက်ဖျက်ရေးအတွက် အနာဂတ် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများအား ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး အစည်းအဝေး ရလဒ်များအပေါ် ပြန်လည်သုံးသပ်ခြင်းနှင့် အတည်ပြုခြင်း၊ (၆)ကြိမ်မြောက် အစည်းအဝေး ကျင်းပမည့် နေ့ရက်၊ နေရာတို့ကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်