နေပြည်တော် ၃ ဒီဇင်ဘာ
မြန်မာနိုင်ငံရဲတပ်ဖွဲ့ (၄၁)ကြိမ်မြောက် ရဲချုပ်တံခွန်စိုက်ဖလား လက်ဝှေ့ပြိုင်ပွဲကို ယမန်နေ့ ည ၇ နာရီတွင် နေပြည်တော် ၀ဏ္ဏသိဒ္ဓိအားကစားကွင်း လက်ဝှေ့ပြိုင်ပွဲရုံ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ တက်ရောက်ကြည့်ရှုအားပေးသည်။
ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးက အဖွင့်အမှာစကားပြောကြားပြီး အားကစားအသင်းများက အားကစားသစ္စာ အဓိဌာန်(၄)ချက်ကို ရွတ်ဆိုကြပြီး ပထမနေ့လက်ဝှေ့ပြိုင်ပွဲများကို စတင်ကျင်းပသည်။
ပြိုင်ပွဲသို့ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ နည်းပြများနှင့် အုပ်ချုပ်သူများ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်အားပေးခဲ့ကြသည်။
အဆိုပါလက်ဝှေ့ပြိုင်ပွဲသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကွပ်ကဲမှုအောက်ရှိ လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့မှူးရုံးများနှင့် လုံခြုံရေးရဲတပ်ဖွဲ့ခွဲများ၊ သီးခြားတပ်ဖွဲ့များ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် ရဲတပ်ဖွဲ့များ၊ ရဲလေ့ကျင့်ရေးကျောင်းများမှ ဝိတ်တန်းများအလိုက် လူသစ်တန်း၊ အလွတ်တန်း၊ ပြိုင်ပွဲ (၂)မျိုးအတွက် ပြိုင်ပွဲအဝင်အသင်း (၂၁)သင်းဖြင့် အားကစားသမား (၁၄၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ နိုင်ငံ့ဂုဏ်ဆောင်မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွန်းလာစေရေး ရည်ရွယ်၍ ရဲချုပ်တံခွန်စိုက်ဖလား လက်ဝှေ့ပြိုင်ပွဲကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်