နေပြည်တော် ၃ ဒီဇင်ဘာ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်သည် နေပြည်တော်၌ ရောက်ရှိနေသော မွန်အမျိုးသားပညာရေးကော်မတီ Mon National Education Committee (MNEC)မှ တာဝန်ရှိသူများအား ယမန်နေ့ ညနေ ၃ နာရီခွဲက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မွန်အမျိုးသား ပညာရေးကော်မတီတာဝန်ရှိသူများက ဝေးလံခေါင်ဖျား၍ သွားလာရေးခက်ခဲသောဒေသများရှိ တိုင်းရင်းသားများအား မွန်အမျိုးသားပညာရေး ကော်မတီအနေဖြင့် တိုင်းရင်းသားဘာသာစကား အခြေပြု ပညာရေးမူဝါဒအား အကောင်အထည် ဖော်ဆောင်ရွက်နေမှု၊ အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့်များတွင် အစိုးရ သင်ရိုးများကို ထည့်သွင်းသင်ကြားမှု၊ ပညာရေးဝန်ကြီးဌာနက စစ်ဆေးသည့် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် စာမေးပွဲများတွင် ဝင်ရောက်ဖြေဆိုအောင်မြင်မှု၊ ဘွဲ့ရကျောင်းသား ကျောင်းသူများ မွေးထုတ်ပေးနိုင်မှုနှင့် ဘွဲ့ရသူများအား အစိုးရဌာနများ အစိုးရမဟုတ်သော အဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်နေမှု၊ မိခင်ဘာသာစကားအခြေပြု မူလတန်းပညာရေးစနစ်ကို ကောင်းမွန်စွာ တည်ဆောက်ပေးနိုင်သည့် အခြေအနေ၊ လက်ရှိ သင်ကြားပေးနေသော ဆရာ ဆရာမအရေအတွက်နှင့် ထောက်ပံ့ငွေပေးနေမှု၊ တိုင်းဒေသကြီး ပြည်နယ်များတွင် တိုင်းရင်းသားစာပေနှင့် ဘာသာစကားသင်ကြားမှု၊ အစိုးရမှ တရားဝင် အသိအမှတ်ပြုရန်နှင့် နည်းပညာ၊ ဘဏ္ဍာရေးအကူအညီများအတွက် နိုင်ငံတော်မှ ထောက်ပံ့ပေးရန် လိုအပ်မှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေပါ ပြဋ္ဌာန်းထားရှိသည့် ပညာသင်ကြားခွင့်၌ တိုင်းရင်းသားများ တန်းတူညီမျှသော အခွင့်အရေးများ ရပိုင်ခွင့်ရှိသည်နှင့်အညီ ဆောင်ရွက်နိုင်ရေး၊ ပညာရေးကဏ္ဍ၌ တိုင်းရင်းသားများ ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်ရေး၊ တိုင်းရင်းသားများအနေဖြင့် မိမိတို့၏ ဘာသာစကားစာပေ ရှင်သန်ဖွံ့ဖြိုးရေးကို မိမိတို့ကိုယ်တိုင်အလေးထား ထိန်းသိမ်းဆောင်ရွက်သွားကြစေလိုကြောင်း မှာကြားသည်။
ဆက်လက်၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများက မွန်အမျိုး သားပညာရေးကော်မတီ၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်သွားနိုင်ရန်ကိစ္စ၊ သက်ဆိုင် ရာဌာနများသို့ ဆက်လက်ဆောင်ရွက်ပေးနိုင်မှုနှင့် မွန်အမျိုးသားပညာရေးကော်မတီက ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်