အမာ ၄ ဒီဇင်ဘာ
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် အမာမြို့နယ် ခါးပြတ်ကျေးရွာနှင့် နောက်မီးကျေးရွာများသို့ ယမန် နေ့က မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူး ဦးဘုန်းကြွယ်၊ အဖွဲ့ဝင် ဒေါက်တာမြင့်ကြည်၊ ဦးယုလွင်အောင်၊ ညွှန်ကြားရေးမှူး ဦးသူရအောင်၊ ဖျာပုံခရိုင် ရဲတပ်ဖွဲ့မှူး၊ ဖျာပုံခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ငါးလုပ်ငန်းဦးစီးမှူး၊ ခရိုင်လူကုန်တားနှင့် ခရိုင်အဆင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့ ကွင်းဆင်းသွားရောက်ပြီး လေ့လာစုံစမ်း တွေ့ဆုံမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့သည် ခါးပြတ်ကျေးရွာသို့ နံနက် (၈) နာရီရောက်ရှိပြီး ညှင်းပန်းနှိပ်စက်ခံရသည့် တက္ကသိုလ်ကျောင်းသား ကိုမြတ်သူထွန်း အလုပ်လုပ်ခဲ့သည့် သဉ္စာထွန်း ပင်လယ်ငါးဖမ်း အလုပ်ရုံသို့ သွားရောက်လေ့လာစုံစမ်းခဲ့သည်။ နံနက်(၈)နာရီ(၄၅)မိနစ်တွင် ခါးပြတ်ကျေးရွာ ရေလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး လုပ်ငန်းသဘောတရားများ အခက်အခဲများကို တစ်ဦးချင်း မေးမြန်းစုံစမ်းခဲ့သည်။

ထို့နောက် ကျားဖောင်ဦးစီးများနှင့်တွေ့ဆုံ၍ လုပ်ငန်း၏သဘာဝနှင့် ဖြစ်ရပ်အမှန်များကို မေးမြန်း စုံစမ်းခဲ့သည်။ ခါးပြတ်ကျေးရွာ၌ နံနက်ပိုင်း တွေ့ဆုံစုံစမ်း မေးမြန်းလေ့လာမှုအပြီးတွင် ကော်မရှင် အတွင်းရေးမှူးမှ “သတင်းသမားများနှင့် တွေ့ဆုံရာ စုံစမ်းလေ့လာရသမျှ အချက်အလက် အသေးစိတ်ကို နောက်အပတ်ထဲမှာ သတင်းထုတ်ပြန်ပေးပါမယ်။ အခုဖျာပုံမြို့နယ် ခါးပြတ် ကျေးရွာကို ဆင်းလာရတာက အများသိကြတဲ့အတိုင်း မကြာခင်က ကျားဖောင်လုပ်သား တွေနဲ့ ပတ်သက်လို့ နှိပ်စက်ညှင်းပန်းခံရတဲ့ တက္ကသိုလ်ကျောင်းသား အများပြည်သူ အထိတ်တလန့် ဖြစ်ရတဲ့ပြသနာ လူ့အခွင့်အရေးအရ ဘယ်လိုချိုးဖောက်ခံရတယ်။ အနစ်နာခံရတယ် စုံစမ်း အဖြေရှာဖို့ ဖြစ်လာပါတယ်။ လူ့အခွင့်အရေးကော်မရှင်ဥပဒေပုဒ်မ (၂၈) အရလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတစ်ခုဟာ ကျယ်ပြန့်လာတယ်။ စနစ်တစ်ရပ်အဖြစ် ကူးပြောင်း လာမယ်။ ဦးတည်နေတယ်ဆိုရင် ကော်မရှင်အနေနဲ့ စုံစမ်းစစ်ဆေးဖို့ဖြစ်လာပါတယ်။ အခု ခါးပြတ် ကျေးရွာက ရေလုပ်သားတွေ လက်ရှိလုပ်နေတဲ့ အခြေအနေကို မြေပြင်မှာကြည့်ရှုတယ်။ အလွှာ သုံးလွှာလုံးကို တွေ့ပြီး လေ့လာစုံစမ်းမှုတွေပြုလုပ်ပါမယ်။ တက္ကသိုလ်ကျောင်းသား ကိုမြတ်သူရထွန်းကို အခြေခံပေမယ့် ကျားဖောင်လုပ်ငန်းတွေမှာ ရေလုပ်သားတွေ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်ပေါ်နေတယ်ဆိုတဲ့အတွက် ကျွန်တော်တို့ကျားဖောင်လုပ်ငန်းရှိတဲ့ နောက်မီး ကျေးရွာသွားပါမယ်။ နောက်တစ်နေ့ကုလာထိပ်ကျေးရွာ၊ ဓမင်းဆိပ်ကျေးရွာများထိ သွားရောက်ပြီး လေ့လာစုံစမ်းမှု့တွေပြုလုပ်သွားပါမယ်” ဟုပြောသည်။

ထို့နောက် မွန်းလွဲပိုင်းတွင် နောက်မီးကျေးရွာသို့ သွားရောက်ပြီး ရေလုပ်ငန်းရှင်များအသင်းရုံး၌ ရေလုပ်ငန်းရှင်များ ဖောင်ဦးစီးများနှင့်တွေ့ဆုံ၍ လေ့လာစုံစမ်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဝင်းမြင့်အောင်(ပြန်ဆက်)