မြောင်းမြ   ၄  ဒီဇင်ဘာ

 

ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်၌ ကလေး စာပေပွဲတော်များ၏  နဝမအကြိမ်မြောက် ကလေးစာပေပွဲတော်(မြောင်းမြ) ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီ က မြောင်းမြမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပ သည်။

 

01

 

ဖွင့်ပွဲတွင် ဧရာဝတီတိုင်း‌ဒေသကြီးလွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ခိုင်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးသန်းထွန်း၊ တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဌ ဦးစန်းထွေး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်၊ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးဦးတင်စော၊ တာဝန်ရှိသူများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖ ဒေါက်တာ မောင်မောင်အောင်၊ လူရည်ချွန် မဆုလဲ့ဝတီနှင့် မဆုနှင်းထွဋ် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး စုပေါင်းမှတ်တမ်း ဓာတ်ပုံ ရိုက်ကူးခဲ့သည်။

 

2222

 

ထို့နောက် အခမ်းအနား ဒုတိယပိုင်းကို ပညာရတနာခန်းမတွင် ဆက်လက်ကျင်းပရာ မြောင်းမြ အ.ထ.က(၁) မှကျောင်းသား ကျောင်းသူလေးများက ကလေးစာပေပွဲတော် သီချင်း Theme song ဖြင့် သီဆိုဖွင့်လှစ်ပြီး၊ တိုင်းဒေသကြီး ကလေးစာပေပွဲတော် ကျင်းပရေး‌ကော်မတီ ဥက္ကဌ  စည်ပင်သာယာရေး ဝန်ကြီး ဦးကျော်မြင့်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။

 

ယင်းနောက် ကလေးစာပပွဲတော်ကျင်းပရေးကော်မတီ တွဲဖက်အတွင်းရေးမှူး တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးမှူး ဦးလှမျိုးအောင်က ကလေးစာပေပွဲတော်များ ကျင်းပ ရခြင်းနှင့် တိုင်းဒေသကြီးအတွင်း ကလေးစာပေပွဲ‌တော်များ ကျင်းပမှု အခြေအနေများအား ရှင်းလင်းဆွေးနွေးကာ မြို့မိမြို့ဖ ဦးဇာနည်တင့်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

 

ဆက်လက်၍ အခမ်းအနား တက်ရောက်လာသူများက ပြပွဲပြခန်းများ၊ စာအုပ်ဆိုင်တန်းများနှင့် ပွဲတော်တွင်ပါဝင်ယှဉ်ပြိုင်နေသည့် ကျောင်းသားကျောင်းသူ ကလေးများကို အားပေးကြည့်ရှုပြီး၊ လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့သည်။

 

04

 

ကလေးစာပေပွဲတော်တွင် ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများပြခန်း၊ ထူးချွန်ထင်ရှား မြောင်းမြသားများပြခန်း၊ စိုက်ပျိုးရေးဌာနပြခန်း ၊ပညာရေးဌာနပြခန်း နှင့် ကိုယ်ပိုင် အထက်တန်း ကျောင်းများမှ ပြခန်း စုစုပေါင်း(၉)ခန်း၊စာအုပ်အရောင်းဆိုင်(၃၀)ခန့်နှင့် မျက်လှည့်၊ ရုပ်သေး၊ ဆင်အက များကိုလည်း ထည့်သွင်းပြသထားသည်။ ပြခန်းနှင့် စာအုပ်အရောင်းဆိုင်များအား နေ့စဉ် ည(၉)နာရီ အချိန်ထိပြသ သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်း- ခရိုင် ပြန်/ဆက်

ဓာတ်ပုံ -အောင်မင်း၊ ဝင်းကြိုင်၊ ဝင်းကျော်မြင့်၊လွှမ်းသီဟ