မန္တလေး ၄ ဒီဇင်ဘာ
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြင်သစ်သံရုံးနှင့် ပြင်သစ် NGO အဖွဲ့အစည်း ဖြစ်သော GRET တို့ ပူးပေါင်းကျင်းပသော လျှပ်စစ်နှင့်စွမ်းအင်စနစ် စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို မန္တလေးမြို့၊ ဘူတာကြီးအပေါ်ထပ်ရှိ ဟိုတယ်မာဘယ်တွင် ဒီဇင်ဘာ ၄ ရက် နံနက် ၉ နာရီ က ကျင်းပ ပြုလုပ်သည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်နှင့် ပြင်သစ်သံအမတ်ကြီး Mr. Christian Lechervy တို့က အမှာစကားပြောကြားသည်။ ထို့နောက် မန္တလေး လျှပ်စစ်ဓါတ်အားပေးရေး ကော်ပိုရေးရှင်းမှ အမှုဆောင်အရာရှိချုပ် ဦးတင်အောင်က လျှပ်စစ်နှင့် စွမ်းအင်စနစ် စီမံ ခန့်ခွဲမှုဆိုင်ရာ အခန်းကဏ္ဍ၏ အဓိကစိန်ခေါ်မှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ၎င်းနောက် အလုပ်ရုံ ဆွေးနွေးပွဲအား ဆက်လက်ကျင်းပသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာ ၄ ရက် မှ ၆ ရက် အထိ ကျင်းပသွားမည်ဖြစ်ပြီး အလုပ်ရုံ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမြို့များရှိ လျှပ်စစ်နှင့်စွမ်းအင်စနစ် စီမံခန့်ခွဲမှုလုပ်ငန်းများနှင့်ပတ်သက်သည့် သတင်းအချက်အလက် နည်းပညာများ၊ အသိပညာများ ဖလှယ်နိုင်ရန်၊ လုပ်ထုံးလုပ်နည်း နည်းလမ်းကောင်းများ ပေါ်ပေါက်လာစေရန်နှင့် မြန်မာနိုင်ငံရှိ မြို့များအားလုံးတွင် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးနိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ပြည်တွင်း/ ပြည်ပ ပညာရှင်များ ပူးပေါင်းကာ ဆွေးနွေးသွားမည်ဖြစ်သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ပြင်သစ်သံအမတ်ကြီးနှင့် တာဝန်ရှိသူများ၊ ပြည်တွင်းပြည်ပ ပညာရှင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)